အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
မန္တလေးမြို့တွင် မိုးရွာသွန်းမှုများကြောင့် ယနေ့နံနက်၇နာရီခွဲက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၀လမ်းနှင့် ၁၂လမ်းကြား၊ ၆၂လမ်းအရှေ့ဘက်တွင် လုံးပတ်(၂)ပေ၊ အမြင့်(၃၀)ပေရှိ ကုက္ကိုပင်၊၁၂လမ်းနှင့်၁၄လမ်းကြား၊ ၆၂လမ်းအရှေ့ဘက်ရှိ လုံးပတ်(၂)ပေ၊ အမြင့်(၃၀)ပေရှိ အော်ရေးရှားပင်နှင့် လုံးပတ်(၂)ပေ၊ အမြင့်(၂၅)ပေရှိ စိန်ပန်းပင်တို့ လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 20,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှစတင်၍ ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး နှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဥ်အတိုင်း ယမန်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ သတ်မှတ်နေရာ (၂)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှသိရသည်။
Sep 20,2021
 မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ငှက်ပျော စိုက်ပျိုးရာတွင် အရင်းအနှီး များသော်လည်း အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့်  စီးပွားဖြစ် စိုက်ပျိုးသူ များလာကြောင်း ကျောက်တန်းကျေးရွာ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
Sep 20,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က စေတီကွင်းကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်းနှိုးဆော်ခဲ့သည်။
Sep 20,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့် အထက်ပြည် သူများအား ထိုးနှံပေးခြင်း တတိယနေ့ကို စက်တင်ဘာ ၁၉ရက်နံနက် ၁၀နာရီမှ စတင်၍ ဒွါရာဝတီမြို့နယ် ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေးဌာန အပါအဝင် ဆေးထိုးစင်တာ ၂ခုတွင် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
Sep 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု ​လျော့နည်းစေရန် ရည်ရွယ်၍ သာသနာပြုပုဂ္ဂိုလ်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။