မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ယနေ့တွင် ရပ်ကွက်နှင့် ကျေးရွာများအရောက် တိုက်တွန်းနှိုးဆော်ခဲ့သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက တတ်နိုင်သမျှ မိမိအိမ်တွင်သာ နေပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ပါ၊ အခြားသူများနှင့် ခြောက်ပေအကွာမှ ခပ်ခွာခွာနေပါ၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာများ တွင်လည်း ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)