ပိုင်ကျုံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန် ရည်ရွယ်၍ သာသနာပြုပုဂ္ဂိုလ်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဈေးရောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့က ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက် ကျန်းမာရေးဦးစီဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့် မိဘပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူ စေပြီး ဒုတိယအသုတ် (ပထမ) အကြိမ်တွင် (၁) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၉၆၆) ဦးရှိကြောင်း၊ ကာကွယ်ဆေးထိုးရန ်ကျန်ရှိသူများအား ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စက်တင်ဘာလ(၂၁)ရက်နေ့တွင် ဆက်လက် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)