မိုင်းယန်း စက်တင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းမှ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီမှစတင်၍ ဟော်ကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံပေးခြင်းကို အမှတ် (၂၈၁) ခြေမြန်တပ်ရင်းမှ ဆေးမှူး ဗိုလ်ကြီး တင့်ရွှေအောင် ဦးစီးသည့် ဆေးဝန်းထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများတို့က မိုင်းယန်းမြို့ပေါ်(၁၁)ရပ်ကွက်ရှိ အသက်(၅၅)နှစ်အထက် ပြည်သူလူထုများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါကာကွယ်ဆေး ထိုးနှံရာနေရာသို့ မိုင်းယန်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူး ကျောင်ထင်အေး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်တို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး