မင်းဘူး စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ တောင်သူများသည် ငှက်ပျော စိုက်ပျိုးရာတွင် အရင်းအနှီး များသော်လည်း အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့် စီးပွားဖြစ် စိုက်ပျိုးသူ များလာကြောင်း ကျောက်တန်းကျေးရွာ ငှက်ပျောစိုက် တောင်သူများထံမှ သိရသည်။
ငှက်ပျောစိုက်ပျိုးရာတွင် ငှက်ပျောဆို့ (ခေါ်) ငှက်ပျောပင် ပေါက်ကလေးများကို တစ်ပင်လျှင် ၄၀၀ ကျပ်ဈေးဖြင့် ဝယ်ယူ စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် လေးပေခြားကာ စိုက်ပျိုး၍ ကိုးလ၊ ဆယ်လ အကြာတွင် ငှက်ပျောဖူးများ ထွက်ရှိ၍ ငှက်ပျောဖူး ထွက်ပြီး သုံးလပြည့်လျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်တစ်ခိုင်ကို ရရှိကာ ငှက်ပျောခိုင် တစ်ခိုင်လျှင် ၈ ဖီးမှ အပင်ကောင်းလျှင် ၁၂ ဖီးအထိတင်ပြီး ဖီးကြမ်း/သီးမွေး တစ်ဖီးကို ဖောက်သည်ဈေး ၈၀၀ ကျပ်နှင့် ရခိုင်တစ်ဖီးလျှင် ၄၀၀ ကျပ် ရှိကြောင်းလည်း သိရသည်။
ငှက်ပျောပင်များသည် စိုက်ပျိုးပြီး တစ်နှစ်နည်းပါး အချိန်ကြာကြာ စောင့်ရသော်လည်း စိုက်ပျိုးပြီး၍ ရောင်းတန်းဝင် အပင်များ ဖြစ်လာပါက ငှက်ပျောခိုင်၊ ငှက်ပျောဖူး၊ အရွက်၊ ပင်စည်ထဲမှ ငှက်ပျောအူများပါ ရောင်းချရပြီး ငှက်ပျောတစ်ဖီးလျှင် ၈၀၀ ကျပ်၊ ငှက်ပျောဖူး တစ်ဖူးလျှင် ၁၅၀ ကျပ်၊ ငှက်ပျောလက်တစ်ရွက် ၅၀ ကျပ်၊ ငှက်ပျောအူပါ ပင်စည်တစ်ပင် ၅၀၀ ကျပ်ရောင်းရသည့်အပြင် ငှက်ပျောဆို့/ အပင်ပေါက်ကလေး တစ်ပင်လျှင် ၄၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
"ကျွန်တော့် ငှက်ပျောခြံက လေးဧကကျယ်ပြီး ငှက်ပျောပင်ပေါင်း ၂ ထောင်နီးပါးရှိကာ ငှက်ပျောပင်များ စတင်စိုက်ပျိုးစဉ်က ဖီးကြမ်းငှက်ပျောဆို့ တစ်ဆို့လျှင် ၄၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး၊ ကျင်းတူးခ၊ မြေရှင်းခ၊ မြေအောက်ရေတူးခ၊ ရေစက်ဖိုး အားလုံးပေါင်း ငွေကျပ်သိန်း ၃၀ အကုန်အကျခံ၍ စိုက်ပျိုးထားပေမဲ့ တစ်နှစ်သားရှိတဲ့ ငှက်ပျောပင် တစ်ပင်ဟာ ငှက်ပျောခိုင်၊ ငှက်ပျောဖူး၊ ငှက်ပျောရွက်၊ ငှက်ပျောအူ အားလုံးရောင်းချ နေရသည့်အတွက် ငှက်ပျောတစ်ပင်လုံးကို ကျပ် ၁၀၀၀၀ နီးပါးရရှိနေတာကြောင့် ငှက်ပျော စိုက်ပျိုးရတာ အဆင်ပြေသည့်အတွက် ငှက်ပျောစိုက်ပျိုးသူ များလာရခြင်း ဖြစ်ပါတယ်" ဟု မင်းဘူး(စကု)မြို့နယ် ကျောက်တန်း ကျေးရွာမှ ငှက်ပျော စိုက်ပျိုးသူ ဦးဆန်းထွန်းက ပြောသည်။
ဇေယျာထက် (မင်းဘူး)