ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူလေးစားရမည့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓာတ်များ၊ မမေ့သင့်မမေ့အပ်သော အာဇာနည်နေ့၊ အာဇာနည်သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ် တတ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင် ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အကြောင်းများကို ဟောပြောခဲ့သည်။