တွံတေးမြို့နယ်တွင် ၂၀၂၆ ခုနှစ် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်

တွံတေး မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက နွေရာသီကာလကလေးများအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို တွံတေးမြို့မဘောလုံးကွင်းနှင် (ခ) အဆင့် အားကစားရုံတို့တွင် မတ် ၃ ရက်နေ့ ညနေ့ ၃ နာရီအချိန်က သက်ဆိုင်ရာအားကစားရုံများ၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ပေးလျက်ရှိသည့် နွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊ ကြက်တောင် Fitness Dance၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်တို့ဖွင့်လှစ်မှာဖြစ်ပြီး၊ သက်ဆိုင်ရာအားကစားနည်းအလိုက် ကျွမ်းကျင်နည်းပြဆရာများက တာဝန်ယူထားသည့် ဘောလုံးအားကစားနည်းတွင် ဦးသုတဇော်၊ ဦးထွန်းထွန်းဦးတို့က နံနက် ၇ နာရီမှ ၉ နာရီအထိ မြို့မဘောလုံးကွင်းတွင်လည်းကောင်း၊ Fitness Danceကို နည်းပြဆရာမ ဒေါ်သဲစိမ့်၊ ဒေါ်ခင်သန္တာတို့က နံနက် ၇ နာရီမှ ၉ နာရီအထိ (ခ) အဆင့် အားကစားရုံတွင်လည်းကောင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ကို နည်းပြဦးကျော်လွင်မင်းက ညနေ ၃ နာရီမှ ၅ နာရီအထိ (ခ) အဆင့် အားကစားရုံတွင်လည်းကောင်း၊ အေရိုးဗစ်သင်တန်းကို နည်းပြဆရာမဒေါ်သဲစိမ့်နှင့် ဒေါ်ခင်သန္တာတို့က အ.ထ.က (၁) တွံတေး ယုဇနခန်းမတွင်လည်းကောင်း မတ်လ (၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံး (၅၀) ဦး၊ ကြက်တောင် (၃၀)၊ စားပွဲတင်တင်းနစ် (၁၀) ဦး၊ Fitness Dance (၂၀) ဦး၊ အေရိုးဗစ် (၂၀) ဦး သင်တန်းသားစုစုပေါင်း (၁၃၀) ဦး တက်ရောက်သင်ကြားနေကြောင်း သိရသည်။

မျိုးလှိုင်