ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ      မတ်   ၅

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၃ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၊ ရှေးဟောင်းသမိုင်းဝင် ရန်အောင်မြင်စေတီတော်အား သွားရောက်ဖူးမြော်ကြကာ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့၌ စစ်တွေမြို့၊ မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်ကြီး ဦးဆောင်တည်ထားလျက်ရှိသော ဉာဏ်တော်အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူလောကဥသျှောင်ဘုရားကြီး တည်ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှုကြပြီး အလှူငွေများထည့်ဝင်လှူဒါန်းကြသည်။ ယင်းနောက် မာန်အောင်မြို့၊ မြို့မကျောင်းကြီးဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများအားဖူးမြော်ကာ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်အဘောင်ရှင်မနတ်ကွန်းအား သွားရောက်ကြည့်ရှုပြီး နတ်ကွန်းအနီး ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် အဘောင်ရှင်မ ပူဇော်ပွဲအတွက် မြေနေရာများ  စနစ်တကျ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းဆောင်သစ်‌ဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ ဆေရုံသို့သွားရောက်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေကြသည့် လူနာများအား လှည့်လည်ကြည့်ရှုအားပေးပြောကြပြီး အာဟာရဖြည့်စွက်စာများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် 100 KVA ဆိုလာမီးများတပ်ဆင် ပေးထားမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပြုပြင်ဆောင်ရွက်ထားရှိမှု၊ မာန်အောင်မြို့ ဆိပ်ခံတံတားအနီး သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ယင်းနောက် မြို့မစည်ပင်သာယာဈေးအတွင်း ဟင်းသီး ဟင်းရွက်ဈေးတန်းနှင့် အသားဈေးတန်းတို့အားအသစ်ပြန်လည် တည်ဆောက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဈေးများသန့်ရှင်းသာယာလှပရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် ဈေးတန်းများအား စနစ်တကျ တည်ဆောက်သွားကြရန်မှာကြားပြီး ဈေးသူ၊ ဈေးသားများ ဈေးရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ရိပ်သာအတွင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့်လျှပ်စစ်မီးများရရှိရေးဆောင်ရွက်ထားရှိမှုကိုကြည့်ရှုစစ်ဆေးကာ ရိပ်သာအတွက် ဆန်နှင့်အလှူငွေများပေးအပ် လှူဒါန်းကြသည်။

ယင်း‌နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများရောက်ရှိမှုအား အတင်အချပြုလုပ်သည့် ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ မြို့ပေါ်ရပ်ကွက်များသို့ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော မီးစက်များ၏ ကြံ့ခိုင်မှုအခြေအနေအားလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအား လည်းကောင်းသွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်း စပ်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်ကျွန်းပတ်လမ်းပေါ်တွင် ၂၀၂၅-၂၀၂၆ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်းများ၏ လျာထားချက်နှင့်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာလမ်းဦးစီးဌာန၊ တောင်ကုတ်ခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများလျာထားချက်နှင့် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းအတိုင်း အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက် သွားကြရန် မှာကြားခဲ့သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့် သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကြပြီး စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာန်အောင်မြို့နယ်ခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် မာန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှုများနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးစသည့် ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက   လုံခြုံရေး တပ်ဖွဲ့ဝင်များ အား ဆန်နှင့် အခြေခံစားသောက်ကုန်များကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ် အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ တရားဥပဒေစိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ လုံခြုံမှုစနစ်တွင် ပြည်သူများပူးပေါင်းပါဝင်သည့် စနစ်သည် အကောင်းဆုံးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားသောက်ကုန်များပေးအပ်လျက်ရှိပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် စစ်တွေတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များစေလွှတ်ပြီး အနီးကပ်သင်ကြားပို့ချပေးခဲ့ကြောင်း၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာမှုပိုမိုရရှိနိုင်ရန် စာကြည့်ဆိုလာ မီးလုံးများဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ အလားတူ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများ၊ ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် မြို့တွင်းဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်ပေးခဲ့ကြောင်းနှင့် မာန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မတ် ၄ ရက်နံနက်ပိုင်းတွင် မာန်အောင်မြို့နယ်မျှော်တော်ဦး ရေတပ်အဝင်လမ်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးစနစ်တကျ ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း  သိရသည်။

တင်ထွန်း(ပြန်/ဆက်)