ပုသိမ် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်များအားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အသိပညာဗဟုသုတများ၊ တိုင်းပြည်နှင့်လူမျိုးကိုချစ်သည့်စိတ်များ တိုးပွားလာစေရေးတို့အတွက် လူငယ်နှင့်ပတ်သက်သည့် သင်တန်းများ၊ လှုပ်ရှားမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စနစ်တကျ အရှိန်အဟုန်တိုးမြှင့် ဖွင့်လှစ်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက ဦးစီးပြီး အားကစားနည်း (၂၀)မျိုးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဦးတည်ဆောင်ရွက်နေသလို အားကစားနည်းအလိုက် စနစ်တကျ တတ်သိနားလည် လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ယခုကဲ့သို့နွေရာသီအဆင့်မြင့် အားကစားသင်တန်းများကို ထပ်မံဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဆိုသည့် ရည်ရွယ်ချက်ကို အောင်မြင်စေရန်လူတစ်စု အားကစားမှ လူထု လူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းကိုတက်ရောက်ကြသည့် သင်တန်းသား/ သင်တန်းသူများ၊ အားကစားသမားများနှင့် မိဘပြည်သူများအားလုံးက ကြိုးစားဆောင်ရွက်ပေးကြရန်လိုပါကြောင်း” တိုက်တွန်းမှာကြားပြီး ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစား သင်တန်းများအား ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရာတေးဒို အားကစားအဖွဲ့၊ အေရိုးဗစ်အဖွဲ့၊ မြန်မာ့သိုင်း(လက်သိုင်း)၊ ဝူရှူးအားကစားနည်းအဖွဲ့များ၏ သရုပ်ပြမှုများကို ကြည့်ရှု အားပေးခဲ့ပြီး သရုပ်ပြအဖွဲ့များကို ဂုဏ်ပြူချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယခုလ (၃)ရက်နေ့မှ ဧပြီလ (၃) ရက်နေ့အထိ ဘောလုံး၊ ပြေးခုန်ပစ်၊ ရေကူး၊ ကြက်တောင်၊ မြန်မာ့သိုင်း၊ လက်ဝှေ့၊ အေရိုးဗစ်၊ စားပွဲတင်တင်းနစ်၊ ကရာတေး၊ ဘော်လီဘော၊ ရိုးရာခြင်း၊ ခရစ်ကက်၊ စက်ဘီး၊ စစ်တုရင်၊ တင်းနစ်၊ ပိုက်ကျော်ခြင်းစသည့် အားကစားနည်း(၂၀)မျိုးကို သင်တန်းသား၊ သင်တန်းသူ (၉၈၀) ကျော်အား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့ ကိုးသိန်းကွင်းဖူဆယ်အားကစားရုံ (၁၅၀ပေ × ၁၂၂ပေ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖူဆယ်အားကစားရုံအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အားကစားရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ဆက်လက်၍ ဖူဆယ်အားကစားရုံ သစ်အားတာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက အားကစားရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးခဲ့သည်။
လှမင်းထွဋ်