လှိုင် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ Grammar (အခမဲ့)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းတွင် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာရဲလေး (ရဲလင်းဦး)က အင်္ဂလိပ်စာပညာရပ်များကို အခြေခံပိုင်းမှစ၍ ကျွမ်းကျင်တတ်မြောက်သည့်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာ Grammar (အခမဲ့)သင်တန်းကို ၄-၃-၂၀၂၆ ရက်နေ့မှ ၈-၄-၂၀၂၆ ရက်နေ့အထိ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ/ သင်တန်းသား စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်
ဇော်ဇော်နိုင် (ပြန်/ဆက်)