ပုသိမ် မတ် ၅
၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးရအဖွဲ့ဝန်ကြီးချုပ်ဖလားဖိတ်ခေါ်အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ် အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ ကိုးသိန်းကွင်းဖူဆယ်အားကစားရုံ (၁၅၀ပေ×၁၂၂ပေ) ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲကိုပါ ကျင်းပနိုင်ခဲ့သည့်တွက် မင်္ဂလာရှိသည့်နေ့ ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားသမား အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရေး ၊ တိုင်းဒေသကြီး ဖူဆယ်အသင်းအောင်မြင်မှုရရှိစေရေး အထောက်အကူပြုနိုင်စေရေးအစရှိသည့်ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပသည့် ပြိုင်ပွဲဖြစ်သည့် အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများသည် အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အားကစားဆိုသည်မှာ ယှဉ်ပြိုင်မှုပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်း သေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ၊ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျဆုံးဖြတ် ကြီးကြပ်ပေးကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏အသင်းသည် တိုင်းဒေသကြီးမှသည် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားပြီး ၂ဝ၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄) ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ကာ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် Royal Star အသင်းနှင့် New Star အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ယနေ့မှ မတ်လ (၁၁) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း (၁၆) သင်းက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)