ရန်ကုန် မတ် ၅
မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံရုံးမှ ပြုလုပ်သည့် ဝါဖြေပွဲ n(Iftar) အခမ်းအနားကို မတ် ၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံတမန်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော H.E Mr. Maziad Mohammed M Al Howishan က အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံ၏ ရိုးရာစွန်ပလွန်သီးအစားအစာများ ခင်းကျင်းပြသထားမှုကို လိုက်လံကြည့်ရှုကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော H.E Mr. Maziad Mohammed M Al Howishan တို့က နှစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးနှင့် သာယာဝပြောရေးအတွက် ဆုမွန်ကောင်းတောင်း ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ညစာဖြင့် တည့်ခင်းဧည့်ခံကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)