ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ လမ်းပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယခင်ကမ်းပါးပြိုသည့်နေရာ ထပ်မံပြိုကျမှု ဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ(၁) နာရီခွဲ ချိန်ခန့်တွင် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းသွား လမ်းမကြီးတံတား ညီနောင်အနီး ယခင်ကမ်းပါး ပြိုကျသည့်နေရာ ကီလိုမီတာ (၉၀/၉၁) ကြား လမ်းမ၏ယာဘက်ခြမ်းတွင် တောင်ကမ်းပါးပြိုကျလာမှု​ကြောင့် အလျား(၁၅၀) ပေ၊ အနံ(၂၅) ပေ၊ အမြင့် (၁၅) ပေခန့်ရှိ မြေစာနှင့်ကျောက်ခဲများ ပိတ်ဆို့သွားသဖြင့် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

အခြေခံလူတန်းစား လက်လုပ်လက်စားအိမ်ထောင်စုများသို့ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ်လက်စားအိမ်ထောင်စုများသို့ ကိုရီးယားရောက် ကိုမိုးသန့်ဇင်နှင့် သူငယ်ချင်းများ၊ မြင်းခြံမြို့မှ အလှူရှင်များစုပေါင်း၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို Corona Save Together (CST) ပရဟိတအဖွဲ့မှကူညီပြီး ယမန်နေ့ ညနေ ၃ နာရီအချိန်က လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ရောင်းချနေသော ဆေးဆိုင်၊ အလှကုန်နှင့် စားသောက်ကုန်များအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ကျန်းမာရေး ဦးစီဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ (FDA)မှတားမြစ်ထားသော ဆေးဝါးများနှင့် ဓာတုပစ္စည်းများပါဝင်သည့် ဆေးမျိုးစုံဆိုင်များ၊ အလှကုန်ဆိုင်များနှင့် စားသောက်ကုန်များအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သာစည်မြို့မှ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာတို့နှင့် ထိတွေ့မှုရှိသူများ၏ Swab နမူနာများ စစ်ဆေးရန်ပေးပို့

သာစည်မြို့မှ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ Case 1611၊ Case 1321တို့နှင့် ထိတွေ့မှုရှိသူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၏ Swab နမူနာများစစ်ဆေးရန် ယမန်နေ့က ပေးပို့ထားကြောင်း သိရသည်။

အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မေတ္တာမြို့ မြေးခံဘော်ကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့နှင့် KNPFအဖွဲ့သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြေးခံဘော်ကျေးရွာအုပ်စု သပြုချောင်းကျေးရွာရှိ KNPF စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) အောင်မြင်စွာ ကျင်းပပြီးစီး

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်(၇)ဦး၊ ဖိတ်ကြား၍တက်ရောက်သူ (၁၁)ဦးနှင့် သတင်းမီဒီယာ(၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်း အနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ်မှရောက်ရှိလာသော ကုန်တင်ရေယာဉ်တစ်စီးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြစ်အတွင်း၌သာ ကုန်တင်ကုန်ချခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ဂုန်နီစက်ရုံဆိပ်ခံတံတားအနီး မြောင်းမြမြစ်ကြောင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဆန်၊ ဆန်ကွဲတန်ချိန် (၅၀၀)ကျော်တင်ဆောင်လာသော (အမ်ဗွီရွှေသုဝဏ်) ကုန်တင်ရေယာဉ်အား ယမန်နေ့နံနက် ၈ နာရီက ကိုဗစ်‌-၁၉အရေးပေါ် တုန့်ပြန်ရေးနှင့် ထိန်းချုပ်ရေး ကော်မတီအဖွဲ့မှ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီး မြောင်းမြမြစ်အတွင်း၌ ကျောက်ချ၍ ကုန်တင်ကုန်ချပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် Quarantine ဝင်ရောက်နေသူ ၂၉ ဦး၏ ဓါတ်ခွဲနမူနာများ စစ်ဆေးရန်ပေးပို့ထား

မိတ္ထီလာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ Community Based Facility Quarantine Centre များတွင် Quarantine ဝင်ရောက်နေသူ ၂၉ ဦး၏ ဓါတ်ခွဲနမူနာများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ယမန်နေ့က ပေးပို့ထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ လေအွမ်(ခ)ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဆောက်ရွက်ပြီးစီး

ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ဟားခါးမြို့နယ်အတွင်း ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ လေအွမ်(ခ) ဓာတ်အားခွဲရုံဖြင့် ကျေးရွာ ၄ ရွာ ထပ်မံလျှပ်စစ်ဓာတ်အား သြဂုတ်လ ၂၇ ရက်တွင် ဖြန့်ဖြူးရေးရာခိုင်နှုန်းပြည့် ဆောက်ရွက်ပြီးစီး၍ ရွာသူ၊ ရွာသားများ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
Subscribe to