ထားဝယ်၊ စက်တင်ဘာ ၁၂
ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် (၁၈) ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ ဖိတ်ကြား၍ တက်ရောက် သူ (၁၁)ဦးနှင့် သတင်းမီဒီယာ(၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ဆောင်ရွက်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၇)ဦးရှိသည့်အနက် (၂၆)ဦးတက်ရောက်ခဲ့သဖြင့် စုစုပေါင်း (၉၆ဒသမ၂၉)ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ (၃)ပုံ(၁)ပုံထက် ကျော်လွန်တဲ့အတွက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက်ပုံမှန် အစည်းအဝေး(စတုတ္ထနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (စတုတ္ထနေ့) အစည်းအဝေး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြ မေးခွန်း (၄) ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကာ တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်သည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီး အပန်းဖြေစခန်းများဆိုင်ရာ ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် တနင်္သာရီတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ(G.R.F)မှ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်သည်။
၄င်းနောက် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မြေယာအငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့၏ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာအမှတ်စဉ် (၁/၂၀၂၀ ) ၊ (၂/၂၀၂၀)၊ (၃/၂၀၂၀)၊ (၄/၂၀၂၀)တို့အား တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး (စတုတ္ထနေ့)ကို (၁၂:၃၉)နာရီ အချိန်တွင်ရပ်နားပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်း အဝေး အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်၊ (ထားဝယ်ခရိုင်ပြန်/ဆက်)