မြင်းခြံ၊ စက်တင်ဘာ ၁၂
မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစား လက်လုပ် လက်စားအိမ်ထောင်စုများသို့ ကိုရီးယားရောက် ကိုမိုးသန့်ဇင်နှင့် သူငယ်ချင်းများ၊ မြင်းခြံမြို့မှ အလှူရှင်များစုပေါင်း၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို Corona Save Together (CST) ပရဟိတအဖွဲ့မှကူညီပြီး ယမန်နေ့ညနေ ၃ နာရီ အချိန်က လိုက်လံပေးဝေခဲ့ကြောင်း သိရသည်။
ကိုရီးယားရောက် ကိုမိုးသန့်ဇင်နှင့် သူငယ်ချင်းများ၊ မြင်းခြံမြို့မှ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကာလတွင် အခြေခံလူတန်းစား လက်လုပ်လက်စားများ အနေဖြင့် စားဝတ်နေရေး အခက်အခဲမရှိ အဆင်ပြေစေရန်အတွက် စုပေါင်း လှူဒါန်းသော စားသောက်ကုန် ပစ္စည်းများကို အမှတ် ၁၈ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက် အတွင်းရှိ လက်လုပ်လက်စား အိမ်ထောင်စု ၁၈၀ အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ကြက်ဥ ၅ လုံး၊ Mask ၅ ခု၊ Face Shield ၁ ခု စုစုပေါင်း ပစ္စည်း ၆ မျိုးအား Corona Save Together (CST) ပရဟိတအဖွဲ့မှ အိမ်အရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Corona Save Together (CST) ပရဟိတအဖွဲ့သည် မြင်းခြံမြို့အတွင်း နေထိုင်သူများ အိမ်အပြင် မထွက်စေဘဲ ဈေးများတွင် လူစုလူဝေးဖြစ်ပွားမှုကို လျော့ချစေရန်ရည်ရွယ်၍ ဈေးဝယ်ခြင်း အထောက် အကူပြုစေရန်အတွက် ဝန်ဆောင်မှုအခမဲ့ဖြင့် ပြည်သူများမှာယူသည့်ပစ္စည်းများကိုလည်း အိမ်အရောက် လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)