မေတ္တာမြို့ မြေးခံဘော်ကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

မေတ္တာ၊ စက်တင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်း ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့နှင့် KNPFအဖွဲ့သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီအချိန်က မြေးခံဘော်ကျေးရွာအုပ်စု သပြုချောင်းကျေးရွာရှိ KNPF စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြေးခံဘော်ကျေးရွာအုပ်စုရှိ ခရီးသွားပြည်သူမျာအား ကိုဗစ်-၁၉ရောဂါ ကြို တင်ကာကွယ်ရေး နှင့်ပတ်သက်၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိ ပညာပေးကြေညာချက်များဖြစ်သည့် လူစု၊ လူဝေးသွားရောက်ခြင်း၊ ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့သွား လာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ကြရန် စသည့် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများသိရှိအသိပညာပေး ဆွေးနွေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းများ၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး (မေတ္တာပြန်/ဆက်)