ရခိုင်ပြည်နယ်မှရောက်ရှိလာသော ကုန်တင်ရေယာဉ်တစ်စီးအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြစ်အတွင်း၌သာ ကုန်တင်ကုန်ချခွင့်ပြု

မြောင်းမြ၊ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာအုပ်စု၊ ဂုန်နီစက်ရုံဆိပ်ခံတံတားအနီး မြောင်းမြမြစ်ကြောင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဆန်၊ ဆန်ကွဲတန်ချိန် (၅၀၀)ကျော်တင် ဆောင်လာသော (အမ်ဗွီရွှေသုဝဏ်) ကုန်တင်ရေယာဉ်အား ယမန်နေ့နံနက် ၈ နာရီက ကိုဗစ်‌ - ၁၉ အရေးပေါ်တုန့်ပြန်ရေးနှင့်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ပြီး မြောင်းမြမြစ်အတွင်း၌ ကျောက်ချ၍ ကုန်တင်ကုန်ချပြုလုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ညှိနှိုင်းခွင့်ပြုချက်အရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေမင်းကန် ဆိပ်ကမ်းမှ ရေယာဉ်မှူး ဦးဇော်ဝင်းမောင်းနှင်သော (အမ်ဗွီရွှေသုဝဏ်) ကမ်းရိုးတန်းသွား သင်္ဘောမှာ ရခိုင်ဒေသထွက် ပေါ်ဆန်းဆန်၊ ဆန်ကွဲ/ဖွဲအိတ် (၉၁၀၀)အိတ်တင်ဆောင်လျက် မြောင်းမြမြို့သို့ စက်တင်ဘာလ ၁၀ ရက်နေ့က ရောက်ရှိလာရာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက မြောင်းမြမြို့၊ မြစ်ကြောင်းရေလယ်တွင် ကျောက်ချရပ်နားကာ ကုန်တင် ကုန်ချ ပြုလုပ်စေခဲ့ကြောင်း သိရသည်။

(အမ်ဗွီရွှေသုဝဏ်) ရေယာဉ်သည် ရခိုင်ဒေသမှ ပေါ်ဆန်းဆန်များကို မြောင်းမြမြို့ ပဒေသာဆန်စက်မှ ဝယ်ယူခြင်းဖြစ်ပြီး အောင်ရာဇာဟိန်း၊ အောင်မာလာထွန်း-၂ ကုန်တင်ရေယာဉ်များဖြင့် ရေလယ်တွင် လုပ်သား (၇၀)ဦးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး ညွှန်ကြားချက်များ အတိုင်းလက်အိတ်၊ နှာခေါင်းစည်းများ တပ်ဆင်ကာလွှဲပြောင်း ကုန်တင်ကုန်ချ ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ ဆောင်ရွက်မှုများကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေ၊ ခရိုင်ပြည်သူ့ ကျန်မာရေးမှူး Dr-တင့်တင်ကျော်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  (အမ်ဗွီရွှေသုဝဏ်)ရေယာဉ် ဆန်နှင့် ဆန်ကွဲ/ဖွဲအိတ်များအား  သယ်ချပြီးပါက ရန်ကုန်မြို့သို့ ကုန်ပစ္စည်းမပါရှိဘဲ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

ကေခိုင်စိုး(ပြန်/ဆက်)