ကိုဗစ် -၁၉ ကပ်ရောဂါပြန့်ပွားမှုမရှိစေရး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ခရီးသွားပြည်သူများဝင် ထွက်သွား လာသည့် မြို့အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နေအိမ်ပြင်ပထွက်ခွာသူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နေအိမ် ပြင်ပထွက်ခွာသူများ Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းကို ကညှော်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှေ့ (ချောင်းဆုံ-မော်လမြိုင်) ခရီးသွားလမ်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာရပ်ကွက်သုဝဏ္ဏဘောလုံး အကယ်ဒမီ မြက်ခင်းတုဘောလုံးကွင်းအတွင်း Quarantine centre ပြုလုပ်ရန် ယာယီအဆောက်အဦ ဆောက်လုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတုဘောလုံးကွင်းဝင်းအတွင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ကဦးဆောင်ကာ Quarantine ဝင်ရောက်သူများအား ထားရှိနိုင်ရန်အတွက် ယာယီ အဆောက်အဦ တစ်လုံးလျှင်လူ(၁၀၀)ဦး Quarantine ဝင်‌ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ(၂)လုံးကို (၅)ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီ အဆောက်အဦ Quarantine Center များကိုလည်းဆက်လက် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် နားမေတ္တာလမ်းဆုံနှင့် လဝကရုံးလမ်းဆုံတို့တွင် လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်းတိုင်ဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် နားမေတ္တာလမ်းဆုံနှင့် လ.ဝ.ကရုံးလမ်းဆုံတို့တွင် ယမန်နေ့ နံနက်ပိုင်းက ခန္တီးမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ကြက်ခြေနီအသင်းနှင့် ခရိုင်လူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ ကိုဗစ် -၁၉ ရောဂါအသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို စက်တင်ဘာ ၁၄ ရက်မှစပြီး ခေတ္တရပ်ဆိုင်းသွားမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်ချက်အရ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်း များ အားလုံးကို စက်တင်ဘာ ၁၄ ရက် (တနင်္လာနေ့)မှစတင်၍ ခေတ္တရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

ဆဒုံးမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ (စနေ) စျေး၊ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက်၊ လမ်း ဆုံလမ်းခွနေရာများ၊ စျေးဆိုင်၊ကုန်စုံဆိုင်များတွင် ယမန်နေ့ နံနက် (၉) နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း ဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက နှာခေါင်းစည်း (Mask) အခု (၁၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ချီဖွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စေ့စပ်ညှိနှိုင်း‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက် ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၁၁) ရက်နေ့ နေ့လည် (၁)နာရီက ချီဖွေမြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု COVID-19, Economic Relief Plan (CERP) အစီအစဉ်ဖြင့်ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းမြို့ အမှတ်(၂)ရပ်ကွက် နောင်ခမ်းရပ်တွင် လယ်မြေ(၁၅) ဧကတွင် စိုက်ပျိုးထားသော ရွှေရင်အေး(SR 456) မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ ဟိုမိန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့၌ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေမှု ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှကာကွယ် ထိန်းချုပ်နိုင်စေရန်၊ ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များစနစ်တကျ တပ်ဆင် ကြစေရန် ပညာပေးခြင်းနှင့် လူတစ်ဦးလျှင် Mask နှစ်ခုစီ အခမဲ့ဖြန့် ဝေပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ကျိုက်မရော- မုဒုံသွား ကားလမ်းမပေါ်ရှိ ( ရွှေဟင်္သာ)ရုပ်တု အဝိုင်းရှေ့၌ ပြုလုပ်ခဲ့ကြသည်။

ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ဆက် လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to