ချီဖွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စေ့စပ်ညှိနှိုင်း‌ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချီဖွေ စက်တင်ဘာလ  ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ(၁၁) ရက်နေ့ နေ့လယ်(၁)နာရီက ချီဖွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်မင်းက ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအား ခေါ်ယူတွေ့ဆုံရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲကို ချောမောအောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း အသီးသီးချပြရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇုန်းဘောမ်က ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်း နှင့်မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ညွှန်ကြားချက် (၁/၂၀၁၄)နှင့်နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စား လှယ်လောင်းများအတွက် ရွေးကောက်ပွဲ ဆိုင်ရာကျင့်ဝတ်(COC)ကို ချပြရှင်းလင်းခဲ့သည်။

ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းထွန်းက ၂၀၂၀ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်စိုးသူက လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေ အကျဉ်းချုပ်များကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက လိုအပ်သည်များ အသီးသီး ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသောနိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ သိရှိလိုသည် များအား ဆွေးနွေးတင်ပြမေးမြန်းခဲ့ပြီး မေးမြန်းတင်ပြချက်များအပေါ် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇)ပါတီမှ တာဝန်ရှိသူ များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

နန်းမြင့်