ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု

ဟိုမိန်း   စက်တင်ဘာ  ၁၃

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုမိန်းမြို့ အမှတ်(၂) ရပ်ကွက် နောင်ခမ်းရပ်တွင် လယ်မြေ(၁၅) ဧကတွင် စိုက်ပျိုးထားသော ရွှေရင်အေး(SR 456) မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း များအား  မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ ဟိုမိန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ကွင်းအမှတ် (၁၁)၊  ဦးပိုင်အမှတ်(၅၁)ရှိ တောင်သူ ဦးစံအောင်၏ ရွှေရင်အေး (SR 456)မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းတွင် တောင်သူငါးဦးနှင့်အတူ မျိုးကောင်း မျိုးသန့်ထုတ်လုပ်နိုင် ရေး စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကွဲများနုတ်ပယ်ခြင်း၊ စိုက်စနစ်မှန်ကန်မှု ရှိ/မရှိ၊ သီးနှံဖျက်ပိုးမွှားများ ကျရောက်မှုရှိ/မရှိနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ် စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုနှစ်ဟိုမိန်းမြို့တွင်မိုးစပါးစိုက်ဧက(၃၄၀) ဧကစိုက်ပျိုးနိုင်ပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် တောင်သူငါးဦး စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၁၅)ဧက စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း ဟိုမိန်းမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစန်းမြင့် ထံမှ သိရှိရသည်။

ရဲနောင်(ဟိုမိန်း)