မင်းဘူး စက်တင်ဘာ ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုလမ်းညွှန်ချက်အရ မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို စက်တင်ဘာ ၁၄ ရက် (တနင်္လာနေ့)မှ စတင်၍ ခေတ္တရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရသည်။
“ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအားလုံးကို စက်တင်ဘာ ၁၄ ရက်နေ့မှာ ခေတ္တရပ်ဆိုင်းထားဖို့ ကျွန်တော်တို့ဝန်ကြီးဌာနကနေ ညွှန်ကြားလာပါတယ်၊ တစ်ဦးနဲ့ တစ်ဦး ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ လူစုလူဝေးမဖြစ်အောင် ဝန်ဆောင်မှုလုပ်ငန်းများအားလုံးကို ခေတ္တရပ်ဆိုင်းထားရခြင်း ဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမြင့်မော်က ပြောကြား သည်။
ဝန်ဆောင်မှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားသည့်ကာလအတွက် ကနဦးမှတ်ပုံတင် ယာဉ်များ၏ ရက်လွန် ဒဏ်ကြေး၊ သက်တမ်းတိုးမော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် များ၏ သက်တမ်းလွန် ဒဏ်ကြေးများ အပါအဝင် လုပ်ငန်းဆိုင်ရာများကို အများပြည်သူ ထိခိုက်နစ်နာမှုမရှိစေရေး တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သုံးသပ်စိစစ် ဖြေလျှော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြန်လည်စတင်နိုင်မည့်ရက်ကိုလည်း ပြည်သူများထံ ကြိုတင်အသိပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)