နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ် ဟိုတယ်ဇုံသန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 30,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါ၍ ဒက္ခိဏသီရိမြို့နယ်ရှိ ဟိုတယ်ဇုံအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဟိုတယ်ရှေ့မျက်နှာစာ ဥပတိရုပ်ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင်းသန့်ရှင်းသာယာလှပရေး အမြဲဆောင်ရွက်သွားရန်၊ ရာသီအလိုက်ဖူးပွင့်သောပန်းနှင့် ဟိုတယ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ဆောင်ရွက်ရေး၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင် အသုံးပြုရေး၊ ငလျင်ဒဏ်အပြင်သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး ဒက္ခိဏသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအမြန်ပြီးစီးအောင် စနစ်တကျဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်ညွှန်းနှင့် ပြည့်မီအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။