တောင်ကြီး ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ဇူလိုင် ၇ ရက် မွန်းလွဲ ၁ နာရီ က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ လူငယ်စကားဝိုင်း စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်မည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန္စာဦးနှင့် ပါဝင်ဆွေးနွေးကြမည့်သူ များကတစ်ဦးချင်း မိတ်ဆက်ပြီး လူငယ်စကားဝိုင်းကိုစတင်ရာ Grade-10(A) မှ မသီရိမိုးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A) မှ မောင်ခန့်ဘုန်းကျော်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း Grade-10(A) မောင်ကောင်းခန့်ကိုကလူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A) မှ မခေတ်ခေတ်သျှမ်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9(A) မှ မကြည်နုးခွန်းချိုသင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10(A) မှ မောင်ဘုန်းမြတ်သူက လူငယ်နှင့်ကလေးအလုပ်သမားခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသား လူငယ်များ ကသိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ Grade-10 ၊ Grade-11 ကျောင်းသား ၁၀၀ ဦး၊ကျောင်းသူ ၁၅၀ ဦးနှင့်စာပေ ဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)