မြောင်းမြမြို့တွင် သူနာပြုသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မြောင်းမြ ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဇူလိုင်လ (၇) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်က သူနာပြုသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနွဲ့သိင်္ဂီက Moderator အဖြစ်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဆရာလရောင်လင်း (မြန်မာ့ဂုဏ်)က ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်းဆောင်ရွက်ပြီး သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသည့် မောင်ဟိန်းဇေပိုင်၊ နန့်အေးနန္ဒာလွင်၊ မအေးမြတ်မွန်၊ နန့်ယွန်းအိနန္ဒာသိန်း၊ မောင်မြင့်မြတ်တို့က “လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့် စည်းကမ်း၊ လူငယ်နှင့်ကျန်းမာရေး” အစရှိသည့်ခေါင်းစဉ်အသီးသီးတို့ဖြင့် ဆွေးနွေးခဲ့သည်။

၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးသူများနှင့် အပြန်အလည်ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းအပြီးတွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ကဖော်ရှီးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကတ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)