ဇေယျာသီရိ ဇူလိုင် ၈
၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ဇေယျာသီရိမြို့နယ်ပညာရေးမှူးဖလား မူလတန်းဆင့်ကျောင်းပေါင်းစုံ အရပ်(၄ပေ၉လက်မ)အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲကို အားကစားသမားကောင်းနှင့် အားကစားထူးချွန်သော အခြေခံပညာကျောင်းများ ပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ်လူငယ်အားကစားသမား ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ဇေယျာသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းသူနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ် ပညာရေးမှူး ဦးဝင်းသူက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ဇေယျာသီရိမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်း၊ မြို့နယ်ပညာရေးမှူးဖလားဘောလုံးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ထောက်ပံ့ပေးပါသော အလှူရှင်များ၏ အမည်စာရင်းကို ဖတ်ကြားခြင်းနှင့် မြို့နယ်ပညာရေးမှူးဆရာကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ မြို့နယ်ပညာရေးမှူး ဆရာကြီးအား စစ်ကြောင်းပုံအလေးပြု၍ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခြင်း၊ အထက-ကျောက်ချက်ကျောင်းမှ ကျောင်းသူသမီးငယ်များ၏ Fitness Exercise (PE-22)၊ အထက-(၁၆)နေပြည်တော်ကျောင်းမှ ကျောင်းသူသမီးငယ်လေးများ၏ ပန်းပွားအကဖြင့် ကပြဖျော်ဖြေခြင်း၊ အထက-ရေဆင်းနှင့် အလက(၁)နေပြည်တော်ကျောင်းမှ ကျောင်းသား/သူများ၏ Fitness Exercise (PE-22) အကဖြင့် ဖျော်ဖြေခြင်း၊ အထက-(၂)နေပြည်တော်ကျောင်းမှ ကျောင်းသား/သူများ၏ Rap Dance ဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဖွင့်ပွဲ ပွဲစဉ်အား ဇေယျာသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်က ဘောလုံးကန်သွင်း၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီးအထက(၂)အသင်းနှင့် အထက-ပြည်စံအောင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှု အား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်ဇေယျာသီရိမြို့နယ်ပညာရေးမှူးဖလား မူလတန်းဆင့် ကျောင်းပေါင်းစုံ အရပ် (၄ပေ၉လက်မ) အောက်အမျိုးသားဘောလုံးပြိုင်ပွဲကို ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ အသင်း ၁၈ သင်းဖြင့် ဇူလိုင်လ ၅ ရက်နေ့မှ စတင်၍ ပြိုင်ပွဲများကျင်းပလျက်ရှိပြီး ဇူလိုင်လ ၁၈ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)