ဇီးကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသောစားသုံးဆီများ ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ဇီးကုန်း ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် တားမြစ်ထားသော စားသုံးဆီများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၇ ရက်နေ့  နေ့လယ် ၁ နာရီက ဇီးကုန်းမြို့နယ် မြို့မစျေးနှင့် ဈေးပတ်ဝန်းကျင်၌ ရောင်းချလျက်ရှိသော ကုန်စုံဆိုင်များတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်နှင့်ဝန်ထမ်းများ၊ နတ်တလင်းခရိုင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စုံစမ်းရေးမှူး ဦးဇင်မျိုးသူနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများက စားအုန်းဆီများ သတ်မှတ် အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့်ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေးရည်ရွယ်၍ စျေးကွက်အတွင်း ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ပုဇွန်နှစ်ကောင် အမှတ်တံဆိပ်စားသုံးဆီများ ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခြင်း၊ ရောင်းချသည့် စျေးဆိုင်များအား ထုတ်ပြန်ထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ခွဲတမ်းဆီ ရောင်းချသော စားအုန်းဆီဆိုင်များအား အိမ်ထောင်စုဇယားဖြင့် ဆောင်ရွက်ထားသော ဆီထုတ်စာအုပ်များဖြင့် ရောင်းချခြင်းရှိမရှိနှင့် ဌာနမှသတ်မှတ်ထားသော မှန်၊ မမှန်နှင့်အညီ ရောင်းချနိုင်စေရေး၊ ရောင်းချခွင့်ရှိသည့် စားအုန်းဆီနှင့် စားသုံးဆီများအား သတ်မှတ်စျေးနှုန်းများအတိုင်း အလေးချိန်ပြည့်ဝစွာဖြင့် ရောင်းချကြရန် အသိပညာပေး ရှင်းလင်းပြောခဲ့ကြကြောင်း သိရှိရသည်။

တင့်ဆွေ(ပြန်/ဆက်)