ရန်ကင်းမြို့နယ်၌ ဆန်၊ ဆီနှင့် ကြက်ဥများကို ရွေ့လျားစျေးကားစနစ်ဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေး
Sep 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံစားသောက်ကုန် များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ၌ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာတွင်လည်းကောင်း၊ နံနက်(၉)နာရီတွင် အမှတ်(၁၃)ရပ်ကွက် စည်ပင်အိမ်ရာဝင်းအတွင်း၌လည်းကောင်း ဆန်၊ ဆီ သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။