ကျိုင်းတောင်း စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုင်းတောင်းမြို့ နယ်မြေရဲစခန်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိ/ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသ/လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ သက်ဆိုင်ရာနည်းလမ်းလေးသွယ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကျိုင်းတောင်းမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့ဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)