ရန်ကင်းမြို့နယ်၌ ဆန်၊ ဆီနှင့် ကြက်ဥများကို ရွေ့လျားစျေးကားစနစ်ဖြင့် စျေးနှုန်းသက်သာစွာ လှည့်လည်ရောင်းချပေး

ရန်ကင်း  စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံစားသောက်ကုန် များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ၌ ရန်ကင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေအုန်းပင်အိမ်ရာတွင်လည်းကောင်း၊ နံနက်(၉)နာရီတွင် အမှတ်(၁၃)ရပ်ကွက် စည်ပင်အိမ်ရာဝင်းအတွင်း၌လည်း​ကောင်း ဆန်၊ ဆီ သယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေး မော်တော်ယာဉ်များဖြင့် မြို့နယ်နေပြည်သူများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်(၁) ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း(၁)ပြည်လျှင် ငွေကျပ် ၁၇၀၀နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့် လည်းကောင်း ကြက်ဥ (၁၀)လုံး တကတ်လျှင် (၁၃၀ဝ) ကျပ်​ဖြင့် လည်းကောင်း၊ ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊​မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှလှထွေး