အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် Stay Home အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်း စည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ သြဂုတ် ၅ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌အုပ်စု(၄)အုပ်စုခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင် ဆရာများအား ဇူလိုင်လ ၃၁ ရက် နေ့နံနက် ၁၀ နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ထိုးနှံပေးလျက်ရှိ​ရာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေသည့် ရဟန်းရှင်လူပြည်သူများအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 
Aug 05,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ကျိန္တလီမြို့တွင် အသက်(၆၅)နှစ်အထက် ပြည်သူများအား တရုတ် ပြည်သူ့သမ္မတ နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)အား တတိယနေ့ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ သြဂုတ် ၄ ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက် အမှတ်(၁)ရပ်ကွက် ၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့အား တစ်ပြိုင်တည်းဆက် လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
Aug 05,2021
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ယမန်နေ့တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၆)ဦး ထပ်မံတွေ့ရှိပြီး (၁၁)ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
Aug 05,2021
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် Stay at Home မြို့နယ်အဖြစ်သတ်မှတ်၍ Stay at Home ကာလအတွင်း ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှု မရှိစေရေးနှင့် မဖြစ်မနေ ထွက်ခွါသွားလာပါက သတ်မှတ် စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ်ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်မှစ၍ ကုန်သည်လမ်းနှင့် မီးသွေးတန်း လမ်းဆုံ၊ မြင်းရုပ်မီးပွိုင့်လမ်းဆုံနှင့် အမှတ်(၅)ဈေးတို့တွင် မိုဘိုင်းလှည့်လည်၍ ကွင်းဆင်း စစ်ဆေးခြင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 05,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သက်ဆိုင်ရာ စုရပ်နေရာများ၌ ဦးတည် အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေးများ ဆက်လက်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။