သီပေါမြို့နယ်တွင် ပဲပုတ်မျိုးယှဉ်ပြို်င စမ်းသပ်ကွက်စတင်စိုက်ပျိုး

သီပေါ ဇန်နဝါရီ  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်း၍ အထွက်နှုန်းကောင်းမွန်ပြီး    ဒေသနှင့်ကိုက်ညီသော ပဲပုတ်မျိုးများ ရရှိစေရန် ရည်ရွယ်၍ ပဲပုတ်မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ဘော်ကြိုကျေးရွာအုပ်စု ဆားတွင်းကျေးရွာရှိ တောင်သူဦးနန္တောလယ်မြေတွင် စတင်စမ်းသပ် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စမ်းသပ်စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများက  ပဲပုတ် ရေဆင်း(၂)၊ ရေဆင်း (၁၂)၊ ရေဆင်း(၁၅)မျိုးများနှင့် ဒေသမျိုးများဖြစ်သည့် ကိုင်းလျှံ၊ မောက်ဖိတ်၊ စီပီမျိုး စုစုပေါင်း(၆)မျိုးအား  မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ရေဆင်း(၂)၊ ရေဆင်း(၁၂)နှင့် ရေဆင်း(၁၅) ပဲပုတ်မျိုးများသည် စိုက်ပျိုးရေးဦးစီးဌာနမှ  စနစ်တကျစိုက်ပျိုးပြီး သန့်စင်ထားသော မျိုးသန့်၊ မျိုးပွားများဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူများ အကျိုးဖြစ်ထွန်းစေရေးအတွက် ရေဆင်းမျိုးများနှင့် ဒေသထွက်မျိုးများအား ယှဉ်ပြိုင်စမ်းသပ် စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စမ်းသပ်ကွက်မှရရှိမည့် အောင်မြင်ဖြစ်ထွန်းမှု အများဆုံးနှင့် အထွက်နှုန်းကောင်းသည့် ပဲပုတ်မျိုးများကို ဒေသတွင် ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် တောင်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အသိပညာများမျှဝေခြင်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(ပြန်/ဆက်)