ဒေးဒရဲ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဒေးဒရဲမြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ဒုတိယလဝကမှူး ဦးချမ်းမြေ့ဇော် ဦးဆောင်သောအဖွဲ့က ဒေါင့်ကြီး ကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူ(၁၉)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ(၂၈)ဦး၊ အသက်(၁၀)နှစ်မှအသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလဲလှယ်သူ(၂၆)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက် မိတ္တူ(၅၃)ဦးနှင့် အိမ်ထောင်စု စာရင်းမရှိသူ (၅၉)စုတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။
အေဇာလင်း