အမြို့မြို့အနယ်နယ်သတင်းများ

Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးအန္တရာယ် ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်၍ မီးသတိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ အားလုံးကို ၂၀၂၂ ခုနှစ်၊ ဧပြီလကုန် နောက်ဆုံးထား၍ အပြီးသပ်ထိုးပေးသွားမည် ဖြစ်သည်။
Mar 09,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် အတွင်းရှိ လွိုင်လင် - ပန်ကေတု - သီပေါလမ်း အပိုင်းကို (၅.၅) မီတာအကျယ် ကတ္တရာလမ်းချဲ့ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များမှ ယမန်နေ့နေ့လည်က လမ်းပိုင်းအား ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့သည်။
Mar 09,2022
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့်  မြို့နယ်အတွင်း မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မတ်လ(၈)ရက်နေ့ ညနေပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာ အရပ်များ၌ မီးဘေးအသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်လုံးဆိုင်ရာမြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် မိဘ ပြည်သူများကို မြို့လယ်ကျက်သရေဆောင် အောင်တော်မူဘုရား တန်ဆောင်း၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလကုန်၌ ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက် ဌာနဆိုင်များအား နယ်မြေအလိုက် ကွင်းဆင်း ကြီးကြပ်ရေးအဖွဲ့ဖွဲ့၍ ကျေးရွာအုပ်စုများနှင့်  ရပ်ကွက်များအရောက် ကွင်းဆင်း၍ ယနေ့ နံနက်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် သီးခြားပြဘုတ်တွင်  လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲ ရေး အသိပညာပေးစာစောင်များကို ပြသခြင်းဆောင်ရွက်လျက်ရှိသည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ယမန်နေ့ကစတင်ပြီး ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။