ပေါင်းတည်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပေါင်းတည် မတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရန်၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးဘေးအန္တရာယ် ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ ညပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်၍ မီးသတိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ မီးသတိပြုရေး နှိုးဆော်မှုဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးစည်သူဝင်း ခေါင်းဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေး စေရေးအတွက် သတိပြုနေထိုင်ကြရန်၊ မိမိတို့နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ ထားရှိရန်၊ လျှပ်စစ်မီး စနစ်တကျ သုံးစွဲရန်၊ အရေးပေါ် မီးငြှိမ်းသတ်နည်း များကို သိရှိပြီး လိုက်နာကြရန်၊ မီးကြွင်းမီးကျန်များ မထားရန် အကယ်၍ မီးဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်ဖုန်းနံပါတ်များအား ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။

အေးအေးဆင့်(ပြန်/ဆက်)