ပန်းတောင်း မတ် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်လုံးဆိုင်ရာမြို့မိမြို့ဖ၊ ရပ်မိရပ်ဖ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့နံက်ပိုင်းက ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရမှ မြို့မိ မြို့ဖ၊ ရပ်မိရပ်ဖ ဖွဲ့စည်းရခြင်း၏ အကြောင်းရင်းကို ရှင်းလင်းပြောကြားရာမှာ အရေးကြီး ပုဂ္ဂိုလ်များ၏ ခရီးစဉ်ရှိသည့်အခါတွင် မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ မြို့နယ်၏ သမိုင်းကြောင်း၊ သမိုင်းဝင်ဘုရားစေတီပုထိုးများ၏ သမိုင်းကြောင်းအစရှိသည့် ဒေသဆိုင်ရာ အချက်အလက် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်၊ ပန်းတောင်းမြို့နယ်အတွင်း မြို့နယ်သန့်ရှင်း သာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွှက်ရာတွင် ဆွေးနွေးအကြံပြုရန်၊ ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးအကြံပေး ပြုလုပ်နိုင်ရန်၊ ဘာသာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ညှိနှိုင်း အကြံပေးရန်တို့ ပြောကြားခဲ့ပါသည်၊
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီမှ ပြောကြားရာမှာ ယခုလိုမြို့မိမြို့ဖ ဖွဲ့စည်းလိုက်ခြင်းဟာ အလွန်ကောင်းမွန်ကြောင်း၊ မြို့မိမြို့ဖများနှင့်အတူ ဒေသလုံခြုံရေး၊ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ပညာရေးတို့ကို အတူတူ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့မိမြို့ဖအဖွဲ့ဝင်ဖြစ်သော ဦးတင်လိုင်မှ ကျွန်တော်တို့အနေနဲ့ မြို့နယ် တိုးတက်ရာတိုးတက်ကြောင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဌာနဆိုင်ရာ အသီးသီးတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့မိမြို့ဖ ကိုယ်စားပြောကြားခဲ့ကြောင်း သိရသည်။
မြို့မိမြို့ဖဖွဲ့စည်းခြင်းကို နာယကအနေဖြင့် ဦးတင်ထွဋ်မှ ဆောင်ရွက်ပြီး၊ အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့မိမြို့ဖ၊ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြသည်၊၊
သင်းသင်းအေး