ဘိုကလေး မတ် ၉
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မတ်လ(၈)ရက်နေ့ ညနေပိုင်းက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့နယ်အတွင်း လူစည်ကားရာ အရပ်များ၌ မီးဘေးအသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆောင်ရွက်ရာတွင် မြို့အဝင်စစ်ဆေးရေးဂိတ်များ၊ စည်ပင်သာယာရေးအဖွဲ့ ပိုင်ဈေးများ၊ သင်္ဘောဆိပ်များတို့၌ မီးဘေးကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိ ပညာပေးကာ မီးဘေးကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ၊ မီးလောင်မှု ဖြစ်ပွားသည့် ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးငြိမ်းပြီးပါက ပြုလုပ်ရမည့် အချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)