ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနစီစဉ် ကျင်းပသည့် မိုးရာသီ တိရိစ္ဆာန်အစာပင် စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီက လွယ်လုံကျေးရွာရှိ တောင်သူ ဦးစိုင်းနွံ၏ လယ်မြေတွင် ကျင်းပသည်။ ရှေးဦးစွာ ကျိုင်းတုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ခိုင်မြဲစည်သူက တိရိစ္ဆာန်အစာပင်စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “တိရိစ္ဆာန်များအတွက်လိုအပ်သော အစာအာဟာရကို လုံလုံလောက်လောက် ကျွေးမွေးပြီး တိရိစ္ဆာန်နှင့် တိရိစ္ဆာန်နို့ထွက်ပစ္စည်းများ ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်၊ တိရိစ္ဆာန်များ၏ အသက်ရှင်သန်မှု ၊ ကျန်းမာကြီးထွားမှု၊ ထုတ်လုပ်မျိုးပွားနိုင်မှုတို့အတွက် အစာအာဟာပြည့်ဝသော အစားအစာများကို ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း” ပြောကြားပြီး ဝန်ထမ်းများ၊ ဒေသခံပြည်သူများက လွယ်လုံကျေးရွာနေ တောင်သူ ဦးစိုင်းနွံ၏ လယ်မြေ (၃)ဧကတွင် နေဗီယာနှင့်မွန်ဘားဆားမြက် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။