စလင်း ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ဆန်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့်ရောင်းချရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဆန်ကြိတ်ခွဲရောင်းချ သိုလှောင်ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူပြည်သူများ သင့်တင့်မျှတသောစျေးနှုန်းဖြင့် အခြေခံစားသုံးကုန်ပစ္စည်းဖြစ်သည့် ဆန်ကို တည်ငြိမ်သတ်မှတ်စျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်ရည်ရွယ်၍ လက်လီလက်ကားဆန်ဆိုင်များနှင့် ဆန်စက်များမှ သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း အခြေခံစားသုံးကုန်များကို ဈေးကွက်အတွင်း ရောင်းချပေးမှုရှိ/ မရှိ တာဝန်ရှိသက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါပူးပေါင်းအဖွဲ့မှ ဆန်စက်နှင့် ဆန်ရောင်းချသူများ၏သတ်မှတ်ထားသည့် ဆန်အိတ်အရေအတွက်ထက် ပိုမိုသိုလှောင်ထားရှိမှုများ မရှိစေရေး၊ လုပ်ငန်းလိုင်စင်များ၊ ဆန်အမျိုးအစားအလိုက်ရောင်းချလျက်ရှိသောစျေးနှုန်းများ၊ ဆန်အမျိုးအစားစစ်မှန်ရေးနှင့် တစ်နေ့တာပျမ်းမျှရောင်းချမှုများကို မေးမြန်းစုံစမ်းဆောင်ရွက်ခဲ့ပြီး သတ်မှတ်ထားသည့်ရည်ညွှန်းစျေးဖြင့်သာ ရောင်းချကြရန်နှင့် စျေးနှုန်းမြှင့်တင်၍ရောင်းချခြင်းများ မပြုလုပ်ကြရန်တို့ကို ဆန်ရောင်းချသူနှင့် ဆန်စက်ပိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်းသိရသည်။
မောင်လွင်(စလင်း)