ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာပေချစ်မြတ်နိုးသူများ ပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန် ဇွန် ၂၉

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍   စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ Book Club အဖွဲ့ဥက္ကဋ္ဌ  ဒေါ်ဇင်ဇင်မော်က စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသော သူ့ကျွန်မခံပြီစာအုပ်ဖြင့် မြန်မာလူမျိုးများ၏ သတ္တိသွေးကြွယ်ဝပုံများ၊ မြန်မာတို့၏မျိုးချစ် စိတ်ထက်သန်သော်လည်း နယ်ချဲ့တို့၏ကောက်ကျစ်ယုတ်မာမှုနှင့် လက်နက်အင်အားမမျှတမှုတို့ကြောင့် အရေးနိမ့်ခဲ့ရပုံများ စသည့်အချက်များနှင့်ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)