တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်  ဇွန်  ၂၉

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းအတွင်းဖွင့်လှစ်ထားရှိသည့် ကျောင်းစာကြည့်တိုက်အား ကြည့်ရှုအားပေးပြီး ကျောင်းသား/သူများက ပညာဘဏ်တိုက် စာကြည့်တိုက်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်၏အနာဂတ်ကို အသိပညာပြည့်ဝသည့် လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မှာဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ ဘဝသည်အလွန်အရေးကြီးပြီး ပြုစုပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲများ၊ လူငယ်ရေးရာ ဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့်လုပ်ငန်း မဟုတ်သောကြောင့် လူ့အဖွဲ့အစည်းအသီးသီးကပါ ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန် စသည့်အချက်များနှင့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား/ကျောင်းသူများကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ဆရာ/ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိစေရန် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စကားရည်လုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ(အထက်တန်း)အဆင့်တွင် ဆုရရှိသောကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ကျပန်းစကားပြောပြိုင်ပွဲ(အလယ်တန်း)အဆင့်တွင် ဆုရရှိသော ကျောင်းသား/သူများအားလည်း ကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်မျိုးထွန်းက ပုံပြင်ပြောပြိုင်တွင် ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး ဆုရရှိသော ကျောင်းသား၊သူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်၍သရုပ်ပြခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက စာပေအသိပညာ ဟောပြောပေးသော စာရေးဆရာမောင်ဖေနှင့် စာရေးဆရာ အန်ကယ်ပညာအား လက်ဆောင်ပစ္စည်းပေးအပ်ပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အလှူရှင်များ(ကိုယ်စား) ကျောင်းအကျိုးတော်ဆောင် ဒေါ်အေးသန္တာတို့က ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်က လက်ခံရယူပြီး ကျောင်းသား၊ ကျောင်းသူလေးများက ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်အံ့သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုတ်သိမ်းလိုက်သည်။

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖြစ်မြောက်အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်(၂၅)သိန်း၊ အလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ထောက်ပံငွေများ အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)