ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်ရှိ ဘဲတန်းချောင်းပေါ်၌ တည်ဆောက်ထားသည့် အမှတ် (၆) ရေတံခါးအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ရေတံခါး တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါရေတံခါးသည် မူလအရှည် ၅၁ ပေ၊ ရေတံခါးအပေါက် (၈) ပေါက်ပါရှိပြီး ယခုအခါ အရှည် (၂၅) ပေ ရေတံခါးအပေါက် (၃) ပေါက် ထပ်မံတိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း၊ အမှတ် (၆) ရေတံခါးတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးသွားပါက ဒဂုံမြို့သစ် (၄) မြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။