မိုးနဲ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်လျှပ်စစ်ဌာနနှင့်ပူးပေါင်း၍ ကတ်နောက်ကျေးရွာရှိ (၆၆)ကေဗီ ဓာတ်အားခွဲရုံနေရာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေဟောပြောရာတွင် မီးဘေးအန္တရာယ်များ မည်သို့ဖြစ်ပွားတတ်ကြောင်း၊ မီးဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများ၊ မီးဘေးဖြစ်ပွားပါက စနစ်တကျတုံ့ပြန်နိုင်မည့်နည်းလမ်းများနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အောက်ဆီဂျင်ဖြတ်တောက်နည်း၊ မီးသတ်ရေပိုက်၊ မီးသတ်ဆေးဘူးတို့ဖြင့်လည်းကောင်း၊ ဆီမီးလောင်မှုနှင့် ဂက်စ်အိုးမီးလောင်မှုအား DCP မီးသတ်ဆေးဘူး၊ ရေစိုအဝတ် HNE တို့ဖြင့် ငြှိမ်းသတ်ခြင်း၊ မီးဘေးအန္တရာယ်ကြောင့်ထိခိုက်မှုများ လျှော့ချနိုင်ရန်အတွက် မီးသတ်စက်ကိရိယာများအသုံးပြုနည်း၊ မီးဘေးအန္တရာယ်ဖြစ်ပွားပါက ဘေးကင်းစွာထွက်ခွာနည်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကိုလည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)