ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းများကောင်းမွန်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ဗဟန်း ဖေဖော်ဝါရီ ၂၆

ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၇ နာရီအချိန်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇) ရပ်ကွက်ရှိ ဘဲတန်းချောင်းပေါ်၌ တည်ဆောက်ထားသည့် အမှတ် (၆) ရေတံခါးအား အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) က ရေတံခါး တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါရေတံခါးသည် မူလအရှည် ၅၁ ပေ၊ ရေတံခါးအပေါက် (၈) ပေါက်ပါရှိပြီး ယခုအခါ အရှည် (၂၅) ပေ ရေတံခါးအပေါက် (၃) ပေါက် ထပ်မံတိုးချဲ့တည်ဆောက်ခြင်းဖြစ်ကြောင်း၊ အမှတ် (၆) ရေတံခါးတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးသွားပါက ဒဂုံမြို့သစ် (၄) မြို့နယ် ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ‌ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မောင်းမကန် ကမ်းသာလမ်းတစ်လျှောက် ဘေးဝဲ/ယာ လမ်းပခုံးသားမြေညှိခြင်းနှင့် ရေနုတ်မြောင်း ဆယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးနောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဘုရင့်နောင်လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ကမ်းနားပတ်လမ်း၊ အမျိုးသားကင်ဆာရောဂါဌာနရှေ့သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အရှည် ၁၀၀၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု ၁၁ လက်မရှိ ကွန်ကရိခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်ကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ မြဝတ်ရည်လမ်း၊ ဒဂုံတောင်-သုဝဏ္ဏတံတားအနီး အင်ဂျင်နီယာဌာန (အဆောက်အအုံ) က မိုးလုံလေလုံ ဖူဆယ်အားကစားကွင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ဖူဆယ်အားကစားကွင်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရန်၊ ဖူဆယ်အားကစားနည်းသာမက အခြားအားကစားနည်းများပါ ကျင်းပနိုင်အောင် တည်ဆောက်ရန်၊ အဝတ်လဲခန်း၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ထည့်သွင်းတည်ဆောက်ရန်နှင့် သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ မိုးလုံလေလုံ ဖူဆယ် အားကစားကွင်းသည် အလျား ၂၀၆ ပေ၊ အနံ ၁၀၆ ပေရှိပြီး အမျိုးသားအမျိုးသမီး သန့်စင်ခန်း (၁၀) ခန်း တွဲ (၂) လုံး၊ အမျိုးသား အမျိုးသမီးရေချိုးခန်း (၂) လုံး၊ အားကစားပစ္စည်းအရောင်းဆိုင်များနှင့် ယာဉ်ရပ်နားရန်နေရာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)