လမ်းများကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ဗဟန်း ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စိုက်ပျိုးမွေးမြူးရေး အမှတ် (၁) ရပ်ကွက်ရှိ လေးထောင့်ကန်တိုက်နယ်ဆေးရုံသို့ သွားရောက်၍ ဆေးရုံဝင်းအတွင်း လမ်းများကောင်းမွန်ရေး ဆောင်ရွက်ရန်၊ သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဘုရင့်နောင်လမ်းသို့သွားရောက်၍ ဘုရင့်နောင်လမ်း ရေမြောင်းအတွင်း အမှိုက်နှင့်ဗေဒါများ ဆယ်ယူထားရှိမှု၊ အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)