ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအနောက်ရပ်ကွက်တွင် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး၊ ညအိပ်ချိန် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေများအား စနစ်တကျသေချာစွာ ဂရုပြုငြိမ်းသတ်ရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ် မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရေး တစ်အိမ်တက်ဆင်း လိုက်လံအသိပေးပြောကြားခြင်းအပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များအတွင်းသို့လည်း အသံချဲ့စက်ဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်လံသတိပေး နှိုးဆော်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ယခုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ သတ်မှတ်ရက်များအလိုက် နေ့စဥ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)