စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မြောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မုံရွာ     မေ    ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၁၁)နာရီက မုံရွာမြို့မှ မြောင်မြို့နယ် သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် သနပ်ကုန်းကျေးရွာ နှင့် ဆက်သွယ်ထားသော ဆင်လှောင်-မြစ်သာ-မြစ်ဆုံ-မင်းလှ-ငါးရန့်အို-ပန်းညိုလမ်းပေါ်ရှိ ပေ(၁၂၀)ရှိ ကွန်ကရစ် တံတား တည်ဆောက်နေမှု အခြေနေအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီကာ တာဝန်ရှိသူများအား အချိန်မီပြီးစီးရေး လမ်းညွှန်းမှာကြားခဲ့သည်။

အဆိုပါ တံတားသည် ပေ-၁၂၀ပေရှိပြီး တံတားအကျယ်ပေ(၂၀)ပေ၊ ယာဉ်သွားလားအကျယ်(၁၈)ပေ၊ (၆၀)ပေရှိ နှစ်ခန်း သံကူ ကွန်ကရစ် တံတား အမျိုးအစားဖြစ်ပြီး (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ငွေကျပ် (၂၇၀)သန်း အကုန်ကျခံကာ ဖေဖော်ဝါရီ (၆)ရက်နေ့မှ စတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ တံတား တည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက် ပေးနေကြောင်းသိရသည်။

ဆက်လက်ပြီး အဆိုပါ သနပ်ကုန်းကျေးရွာ အလယ်ကျောင်းတိုက်ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး စောင်းတန်းဆောက်လုပ်ရန်အတွက် ငွေကျပ်(၃၀)သိန်းနှင့် ရတနာမာန်အောင် ဘုရားကြီး ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် ဘိလပ်မြေအိတ်(၁၀၀)လုံးတို့ကို ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက်လည်း လက်သန့် ဆေးရည်ဘူး များနှင့် နှာခေါင်းစည်းများကို ဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် အလားတူ သနပ်ကုန်းကျေးရွာ အရှေ့ကျောင်းတိုက်နှင့် အနောက်ကျောင်းတိုက်တို့ရှိ ဆရာတော်များအား ဖူးမြှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် မြောင်မြို့နယ်အတွင်းရှိ နဘက်-သောင်ကြီး-မယ်မသော်လမ်း ဂျင်းခင်းပြီးစီးမှုအခြေအနေနှင့် မယ်မသော် တံတား တည်ဆောက်ပြီးစီးခိုင်ခံမှုတို့အား လည်းကောင်း၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်တို့ကို ဆက်သွယ်ထားသော လမ်းရှိ တံတားတည်ဆောက်နေမှုတို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန် အမြန် ပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)