Skip to main content

တစ်မျိုးသားလုံးနှင့်ဆိုင်သည့် နိုင်ငံရေး

နေမင်းသျှင်

“ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော နေထိုင်စားသောက်မှုသည် ပြောင်းလဲလျက်ရှိသည့် အားလျော်စွာ ကျွန်ုပ်တို့ နိုင်ငံရေးသည်လည်း ပြောင်းလဲလျက်ရှိ၏။ ကျွန်ုပ်တို့အားလုံး သက်သက် သာသာ၊ ချောင်ချောင်ချိချိ လူတန်းစေ့အောင် နေနိုင်ရန်အတွက် အခွင့်အရေးများ ပိုမိုရရှိနိုင်အောင် ကျွန်ုပ်တို့သည် လွတ်လပ်ရေးကို တောင့်တကြပေသည်။ လွတ်လပ်ရေးဆိုရာ၌ နေရေးထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံးအနေနှင့် လည်းကောင်း တိုးတက်ကြီးပွားအောင် စီမံဆောင်ရွက်နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စာရိတ္တ အဆင့်အတန်းတို့ မြင့်အောင် ဆောင်ရွက်နိုင်ရန် လွတ်လပ်မှုတို့ စသည်တို့ကို ဆိုလိုပေသည်။ ဤ လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏”

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံညီလာခံမိန့်ခွန်းမှ

ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သည့် အထက်ပါ မိန့်ခွန်းကောက်နုတ်ချက်အရ နိုင်ငံရေးဟူသည် တရားသေမဟုတ်။ လှေနံဓားထစ်မဟုတ်။ လူတိုင်း လူတန်းစေ့နေနိုင်ရေး၊ တစ်မျိုးသားလုံး တိုးတက်ကြီးပွားရေးကို ဦးတည်၍ အခြေအနေ၊ အချိန်အခါအပေါ် ပြောင်းလဲလုပ်ကိုင်ရခြင်းဖြစ်သည်ဟု နားလည်ရသည်။

နိုင်ငံကို အတုအယောင်လွတ်လပ်ရေးပေးခဲ့

ရန်ကုန်မြို့ ရွှေတိဂုံအလယ်ပစ္စယံတွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီး ကျင်းပချိန်သည် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးသည့် ၁၉၄၆ ခုနှစ် နှစ်ဦးပိုင်းကာလဖြစ်သည်။ စစ်ကြို ကာလမှစကာ နိုင်ငံရေးနိုးကြားမှုနှင့် နိုင်ငံရေးအသိတရားတို့ တစ်ဆင့်ထက်တစ်ဆင့် မြင့်လာခဲ့ကြ သည့် မြန်မာတို့မှာ နယ်ချဲ့ဗြိတိသျှတို့ကို နိုင်ငံရေး အန်တုနိုင်ခဲ့သည့်အပြင် ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်လာမှုအပေါ် အခွင့်ကောင်းယူ၍ နယ်ချဲ့ကို တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့ကြသည်။ စစ်အတွင်းကာလ နိုင်ငံကို အတုအယောင် လွတ်လပ်ရေးပေးခဲ့ပြီး ပြည်သူ တို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည့် ဖက်ဆစ်တို့ကိုလည်း တော်လှန်ချေမှုန်းနိုင်ခဲ့ကြသည်။ ဆိုရလျှင် ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာတစ်မျိုးသားလုံး နိုင်ငံရေးနှင့် စစ်ရေးအတွေ့အကြုံတို့ စုံလင်ရင့်ကျက်ခဲ့ပြီ။ တိုင်းတစ်ပါးလက်အောက် ကျွန်သပေါက်ဘဝမှ ရုန်းထွက်ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံနှင့် လွတ်လပ်သည့် နိုင်ငံသားဘဝကို မျှော်မှန်းနေကြပြီဖြစ်သည်။

၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက် ဆောင်းရက်တို့ မကုန်သေးဘဲ အေးမြနေဆဲဖြစ်သည့် ထိုနေ့သည် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး၏ ပထမဆုံးနိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင်ကြီး စည်းဝေးကျင်းပသည့် စတုတ္ထမြောက်နေ့ဖြစ်သည်။ ကြည်လင်သန့်စင်သည့် ကောင်းကင်ပြာနောက်ခံတွင် တင့်တယ်စွာ စံပယ်နေတော်မူသော ရွှေတိဂုံစေတီတော်ကြီးကို နောက်ခံထားလျက် အလယ်ပစ္စယံညီလာခံ ကျင်းပရာ မဏ္ဍပ်ကြီးနှင့် သစ်ရိပ်ဝါးရိပ်များဆီသို့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ ပြည်သူများ တဖွဲဖွဲ ချီတက်ဝင်ရောက်လာနေကြသည်။

ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုနောက်တွင် ပြည်သူလူထုတစ်ရပ်လုံးက ထက်ကြပ်မကွာ လိုက်ပါလာ

၁၉၄၄ ခုနှစ် ဩဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့သည့် “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး” (ဖတပလ) အဖွဲ့ချုပ်ကြီးသည် ၁၉၄၅ ခုနှစ် ဩဂုတ်လတွင် ဖက်ဆစ်ဂျပန်တပ်များ လက်နက်ချပြီးသည့်အခါ “ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်” (ဖဆပလ) ဟူ၍ ဖြစ်လာသည်။ ဖက်ဆစ် ဝါဒကို ဆန့်ကျင်ရန်နှင့် တစ်မျိုးသားလုံး လွတ်လပ်ရန်အတွက် နိုင်ငံရေးအရ ဆက်လက်တိုက်ပွဲဝင်ရေးသည် အဓိကဦးတည်ချက်ဖြစ်လာသည်။ ဖဆပလအဖွဲ့ချုပ်၏ ဦးဆောင်မှုနောက်တွင် နိုင်ငံရေးနိုးကြားတက်ကြွလျက်ရှိသည့် ပြည်သူလူထုတစ်ရပ်လုံးက စည်းလုံးညီညွတ်စွာ ထက်ကြပ်မကွာ လိုက်ပါလာကြခြင်းမှာလည်း အဆိုပါဦးတည်ချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် အင်အားများ ရှိနေပြီဖြစ်ကြောင်းကို ပြသနေခြင်းဖြစ်သည်။

သိင်္ဂုတ္တရ ကုန်းတော်၏ အလယ်ပစ္စယံတည်ရှိရာ နေရာတစ်ခွင်လုံး၊ ညီလာခံမဏ္ဍပ်နှင့် ကုန်းမြင့် ကုန်းနိမ့်များ၊ ချိုင့်ဝှမ်းများ၊ သစ်ပင်များအားလုံး နေရာလပ်မရှိအောင် ဖုံးလွှမ်းရောက်ရှိနေသည့် ပြည်သူလူထုကြီးကို တွေ့မြင်ရသည့် မြင်ကွင်းတွင် စည်းလုံးညီညွတ်မှုနှင့် စည်းကမ်းတကျရှိမှုတို့ကို လည်း တွေ့ရှိနိုင်သည်။ အလယ်ပစ္စယံညီလာခံ ကျင်းပရာ နေရာနှင့် မလှမ်းမကမ်းတွင်ရှိသည့် ကွင်းပြင်ကြီးတွင် ၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် တပ်ထွက် သည့် အခမ်းအနားမိန့်ခွန်း ပြောကြားခဲ့စဉ်က သမိုင်းဝင်တိုတောင်းလှသည့် မိန့်ခွန်းကို ပြောကြား ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် အလယ်ပစ္စယံညီလာခံ မြန်မာနိုင်ငံလုံးဆိုင်ရာ လူထုအစည်းအဝေး ကြီးတွင်မူ သုံးနာရီခန့်ကြာအောင် ရှည်လျားလှသည့် မိန့်ခွန်းကြီးတစ်ရပ်ကို ပြောကြားခဲ့သည်။

အဆိုပါ မိန့်ခွန်း၏ ပဏာမအစတွင် ရာဇဝင်တွင်လောက်အောင် စည်းလုံးညီညွတ်စွာ စုဝေးရောက်ရှိလာသည့် ပြည်သူလူထုကြီးကို ချီးကျူးဂုဏ်ပြုခဲ့ပြီး လွတ်လပ်ရေးပန်းတိုင်သို့ သွားရာခရီးတွင် ထက်မြက်သည့် ဦးဆောင်မှုနှင့်အတူ ဒိုးတူပေါင်ဖက်လက်တွဲပါဝင်မည့် ပြည်သူလူထုလည်း လိုအပ်ကြောင်း၊ နိုင်ငံရေးသည် လူတိုင်း၏ အရေးကိစ္စဖြစ်ပြီး လူတိုင်းနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံရေးနှင့် ဘာသာရေးကို စည်းသားထားအပ်ကြောင်း၊ ဖက်ဆစ်ဝါဒ၊ အရင်းရှင်ဝါဒ စသည့်ဝါဒဆိုးများ ပပျောက်ပြီး ဗြဟ္မစိုရ်တရားကို အခြေပြုသော ဆိုရှယ်လစ်ဝါဒ ပြန့်ပွားစည်ကားရန် လိုအပ်ကြောင်း၊ ဒုတိယကမ္ဘာစစ်သည် အရင်းရှင်နယ်ချဲ့နှင့် ဖက်ဆစ်တို့၏ တိုက်ပွဲဖြစ်ပြီး အရင်းရှင်နယ်ချဲ့တို့သည် ဒီမိုကရက်ပြည်သူလူထု၏အားကိုယူ၍ ဖက်ဆစ်ကို အနိုင်တိုက်ခဲ့ရကြောင်း၊ နိုင်ငံပေါင်းစုံ ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ပြီးသော်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးကြောင်း၊ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့လုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်သော အဖွဲ့ကြီးဖြစ်လိုခဲ့ပါလျှင် နိုင်ငံကြီး နိုင်ငံငယ် စက်ဆုပ်ဖွယ်ကောင်းသော အတန်းအစားခွဲခြင်း တို့ကို ပပျောက်အောင် ပြုလုပ်သင့်ကြောင်း၊ မိမိတို့သည် စုပေါင်း၍ အာရှခေတ်သစ်ကို ထူထောင်ကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခုက နိုင်ငံတစ်ခုအပေါ်တွင် “လိုက်နာရမည်” ဟူသော စနစ်နှင့် ခေတ်သစ်ထူထောင်ခြင်းမဟုတ်ဘဲ အာရှတိုက်သူတိုက်သားတို့ ညီညွတ်စွာပူးပေါင်း၍ အာရှလူမျိုးများ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို အစပြု၍ ကမ္ဘာ၏ လွတ်လပ်မှု၊ လုံခြုံမှု၊ တိုးတက်မှုကို စီမံဖန်တီးနိုင်အောင် ထူထောင်သော ခေတ်သစ်ကြီးဖြစ်ကြောင်း။

လွတ်လပ်သော နိုင်ငံများအချင်းချင်း မိမိတို့သဘောအလျောက် လွတ်လပ်စွာ ပါဝင်၍ ပြည်ထောင်စုများ ဖွဲ့စည်းသွားသင့်ကြောင်း၊ လူမျိုးဆိုသည်မှာ သုခဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း၊ အမျိုးသားရေးဟူသည့် အဓိပ္ပာယ်သည် ခေတ်အားလျော်စွာ ပြောင်းလဲလျက်ရှိကြောင်း၊ အမျိုးသားရေး စိတ်ဓာတ်အစွန်းရောက်ခြင်းက ပျက်စီးတတ်၍ ဝံသာနုစိတ် (ဝါ) မျိုးချစ်စိတ်ကို အမြင်ကျယ်ကျယ် ဆောင်ရွက်သင့်ကြောင်း၊ စစ်ကြောင့် မြန်မာနိုင်ငံ ပျက်စီးရခြင်းအတွက် ဗြိတိသျှအစိုးရတွင် တာဝန် ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ရာတွင် မြန်မာ နိုင်ငံကို ငွေချေးခြင်းအစား အလကားအနေနှင့် ပေးသင့်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်မှု စွမ်းအားဖြင့် လွတ်လပ်ရေးကို အရယူမည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

လွတ်လပ်ရေးမရမီမှာပင် အာဏာကို အကြောင်းပြုကာ အတွင်းရန်၊ အပြင်ရန်တို့ ထွက်ပေါ်လာ

လူပုဂ္ဂိုလ်အားဖြင့် ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍ တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့ စုစည်းဖြစ်ပေါ်လာသော ဖဆပလအဖွဲ့ချုပ်ကြီးသည် ဘုံရန်သူဖြစ်သော ဖက်ဆစ်ကို တော်လှန်ရာတွင်လည်းကောင်း၊ ပြန်လည်ဝင်ရောက်လာသည့် နယ်ချဲ့တို့ထံမှ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးကို ရယူရာတွင် လည်းကောင်း မြန်မာပြည်သူတို့ကို ဦးဆောင်မှုပေးနိုင်ခဲ့သော်လည်း လွတ်လပ်ရေးမရမီမှာပင် အာဏာကို အကြောင်းပြုကာ အတွင်းရန်၊ အပြင်ရန်တို့ ထွက်ပေါ်လာသည်။ ဖဆပလအဖွဲ့ချုပ်မှ ကွန်မြူနစ် တို့ကို ထုတ်ပယ်လိုက်ရသလို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များမှာလည်း ခေတ်ဟောင်းနိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဂဠုန်ဦးစော၏ လက်ချက်ဖြင့် လွတ်လပ်ရေးနှင့် လက်တစ်ကမ်းအလိုတွင် ကျဆုံးခဲ့ရသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ဆယ်နှစ်ဆယ်မိုးကာလမှာမူ စည်းလုံးညီညွတ်မှုတို့ တစ်စစီပြိုကွဲသောကာလဖြစ်သည်။ ဖဆပလအဖွဲ့ချုပ်ကြီးသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ မကျဆုံးမီ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက အခြေအနေနှင့် လုံးဝမတူညီအောင် ဆန့်ကျင် ခြားနားသွားခဲ့ပြီဖြစ်သည်။

လူပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများနှင့် လုံးထွေးရစ်ပတ်နေခဲ့ပြီး ပြည်သူလူထုအမြင်တွင် စိတ်ရှုပ်ထွေးဖွယ်၊ စိတ်ပျက်ဖွယ်ဖြစ်ခဲ့သည်။ စစ်ဒဏ်ကြောင့် ထောင်းထောင်းကြေခဲ့ရသော နိုင်ငံကို တစ်စည်းတစ်လုံးတည်းသော အင်အားဖြင့် တက်ညီလက်ညီ ပြန်လည်တည်ဆောက်ကြရမည့်အစား အာဏာနိုင်ငံရေးကိုသာ မျက်နှာမူ၍ အချင်းချင်းအပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ အယူဝါဒမတူ၊ စိတ်ဝမ်းကွဲနေသူများမှာ ပြည်သူလူထုကို အလေးဂရုမပြုနိုင်တော့သည့်အပြင် နိုင်ငံပြန်လည်ထူထောင်ရေးစီမံကိန်းများကိုလည်း အောင်မြင်အောင် မဆောင်ရွက်နိုင်တော့၊ ပို၍ဆိုးသည်မှာ ပြည်မနိုင်ငံရေးသမားတို့၏ အကွဲအပြဲဂယက်က ပြည်နယ်များဆီသို့ပါ ရိုက်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံရေးမကျေလည်လျှင် လက်နက်စွဲကာ တောခိုသည့်ဓလေ့ဆိုးသည်လည်း ထိုကာလတွင် စတင်ပေါ်ပေါက်လာသည်။ ဝါဒရေးမကျေနပ်၍ တောခိုသူ၊ လူမျိုးရေး မကျေနပ်၍ တောခိုသူ၊ ဘာသာ ရေး မကျေနပ်၍ တောခိုသူစသည်ဖြင့် နိုင်ငံရေးဓလေ့ဆိုးကြီး မြန်မာနိုင်ငံတွင် အမြစ်တွယ်ခဲ့သည်မှာ ယနေ့ထိဆိုလျှင် နှစ်ပေါင်း ၈၀ ဆီသို့ပင် နီးကပ်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရလည်းကောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်း ပုံအခြေခံဥပဒေအရလည်းကောင်း ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ရာတွင် နိုင်ငံရေးပါတီများအဖို့ သင်ခန်းစာယူဖွယ်၊ သံဝေဂရဖွယ်များစွာ ရှိနေသည်။

ထို့အပြင် ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်သည့် ပြည်ထောင်စုကြီးကို စည်းလုံးညီညွတ်သောအင်အားဖြင့် စုစည်းတည်ထောင်ခြင်း ကသာလျှင် အားလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေမည်ဖြစ်ပြီး သူတစ်လူငါတစ်မင်း တကွဲတပြားနေထိုင်ခြင်းက ပျက်စီးခြင်းဖြင့်သာ နိဂုံးချုပ်ရမည် ဖြစ်သည်ကို နတ်မျက်စိဖြင့် ကြည့်မြင်နိုင်ကြရန်လည်း လိုသည်။ အမျိုးသားအကျိုးစီးပွား၊ မျိုးနွယ်စုတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ရာတွင် အာဏာကို ရယူနိုင်ရန် လိုအပ်သော်လည်း ထိုအာဏာသည်ပင် ပျက်စီးခြင်း ဖြစ်တတ်သည်ကိုလည်း ရှေ့မှသင်ခန်းစာများကို ယူကြရန်လိုသည်။

“အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသား ပြဿနာအားလုံးကို ဖြေရှင်းရန် စိုင်းပြင်းရာတွင် ပါတီစိတ်၊ ပါတီသဘောကို စွန့်၍ စည်းစည်းလုံးလုံး စိုင်းပြင်းသင့်ကြပေသည်။ မိမိတို့၏ ထင်မြင်ယူဆ ချက်များကို (ဝါ) မိမိတို့၏ဝါဒကို အမျိုးသားအစည်းအရုံးဝင်များအား သာယာညှင်းပြောင်းကောင်းသော နည်းလမ်းဖြင့်သာ နားလည်လက်ခံအောင် ရှင်းလင်းပြောပြခြင်း အမှုကိုသာ ပါတီဝင်များအနေနှင့် ပြုသင့်ပေသည်။ အတိုချုပ်မှာ ပါတီဝင်များ၏ လုပ်ငန်းသည် ပါတီသဘောနှင့် ပါတီကိစ္စလုပ်ရန်မဟုတ်၊ ဝါဒပြန့်ပွားမှုကိုသာ ပြုသင့်ပေ၏။ ဤအတိုင်းဆိုလျှင် ပါတီများရှိစေကာမူ ကျွန်ုပ်တို့၏ အမျိုးသားအစည်းအရုံး၏ အင်အားကို ယုတ်လျော့ စေသည်မဟုတ်ချေ”

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း အလယ်ပစ္စယံမိန့်ခွန်းမှ

လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးမှာ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပပြီး ပြည်သူလူထုရွေးကောက် တင်မြှောက်သည့် အရပ် သားအစိုးရတစ်ရပ် ပေါ်ပေါက်လာရေးပင်ဖြစ်သည်။ တစ်ဖက်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ့တာဝန်ကို ရယူထားရသော တပ်မတော်ဦးဆောင်သည့် တည်ဆဲအစိုးရကို ဆန့်ကျင်နေသည့် ပြည်တွင်းပြည်ပ အင်အားစုများက ရွေးကောက်ပွဲမကျင်းပနိုင်စေရန် အနှောင့်အယှက်၊ အတားအဆီး၊ အဖျက်အမှောင့်အမျိုးမျိုး ပြုလုပ်နေကြသည်ကို တွေ့မြင်နိုင်သည်။

ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်အဖျက်သမားများကလည်း နိုင်ငံပြိုကွဲပျက်စီးရေးသို့ပါ ဦးတည်လျက်ရှိ

ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်အဖျက်သမားများကလည်း ၎င်းတို့လှုပ်ရှားရာ၊ ကြီးစိုးရာ ဒေသများတွင် ဆူပူသောင်းကျန်းဖျက်ဆီးလျက်ရှိရာ မြို့များရွာများ ပျက်စီးခြင်း၊ ဒေသခံပြည်သူများ စစ်ဘေးကင်းလွတ်ရာ ဒေသများသို့ တိမ်းရှောင်ထွက်ပြေးရခြင်း၊ ပိုင်ဆိုင်သည့် အိမ်ရာပစ္စည်းဥစ္စာ များနှင့် လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးရခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ ဆူပူထကြွသောင်းကျန်းမှုများ၊ အကြမ်းဖက်နှောင့်ယှက်ဖျက်ဆီးမှုများ အားလုံးက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခြိမ်းခြောက်လျက် အဟန့်အတားများ ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံပြိုကွဲ ပျက်စီးရေးသို့ပါ ဦးတည်လျက်ရှိသည်။

မျက်မှောက်ကာလ နိုင်ငံရေးပကတိအခြေအနေတွင် နိုင်ငံအတွင်း ဖြစ်ပေါ်နေသမျှ အမျိုးသားပြဿနာအားလုံးကို စည်းလုံးညီညွတ်မှုဖြင့် ဝိုင်းဝန်း ဖြေရှင်းကြရမည်ဖြစ်သည်။ တစ်မျိုးသားလုံး၏ အရေးတွင် မိမိတို့တစ်ဦးချင်းအရေး၊ မိမိအဖွဲ့အစည်းအရေး၊ မိမိပါတီအရေးကို ရှေ့တန်းမတင်ဘဲ အမျိုးသားအရေးကို ဦးစားပေးဖြေရှင်းကြရမည်ဖြစ် သည်။ အတူတကွနေထိုင်ကြရမည့် မြေပေါ်တွင် အေးအတူ ပူအမျှနေထိုင်ကြရမည့်အစား ရန်စစ်ခင်းနေကြခြင်းက ပျက်စီးခြင်းမလှ ပျက်စီးကြရမည့်အပေါ် ဉာဏ်ပညာဖြင့် ဆင်ခြင်ကြရန်လည်း လိုသည်။

အနှစ်ချုပ်အားဖြင့်ဆိုရလျှင် မိမိတို့၏ ခေါင်းဆောင်များ၊ ဘိုးဘွားမိဘများ သွေးနှင့် ချွေးနှင့် ရင်းနှီးတည်ဆောက်ခဲ့သည့် ပြည်ထောင်စုကြီး ထာဝရမပျက်မစီး တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်၍ ကမ္ဘာနှင့် ရင်ပေါင်တန်းရေးတို့ကို မိမိတို့မျိုးဆက်အား၏ တစ်ပေါင်းတစ်စည်းတည်းအင်အားဖြင့် သမိုင်းခေတ်၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း။ ။