နေပြည်တော် ဇူလိုင် ၁၄
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ Bangkok၊ Chonburi နှင့် Songkhla မြို့တို့တွင် အားကစားနည်း ၅၃ နည်းအားခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၄၀ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိစခန်းဝင်လေ့ကျင့်လျက်ရှိသည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများနှင့် အုပ်ချုပ်/နည်းပြများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍများ အလိုက် တာဝန်ရှိသူများက အသေးစိတ်ဆွေးနွေး တင်ပြပေးသွားရန်လိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း (By Sports)နှင့် ပြိုင်ပွဲအမျိုးအစား (Event)များကို အိမ်ရှင်ထိုင်းနိုင်ငံသို့ ပေးပို့ခဲ့ပြီးပြီဖြစ်၍ ပြိုင်ပွဲဝင် အားကစားသမားများ၏ အမည်စာရင်း(By Number)များ အချိန်မီပေးပို့နိုင်ရန် လူရွေးချယ်ခြင်းများကို တာဝန်ရှိသူများက ဇူလိုင်လကုန်အပြီး ရက်များသတ်မှတ်၍ စနစ်တကျစိစစ်ရွေးချယ်ကာ ဝန်ကြီးဌာနသို့ အချိန်မီတင်ပြနိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များကို ကြိုတင်အကြောင်းကြားထားရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးထိန်လင်းက လာမည့်(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရေး၊ အားကစားနည်းအလိုက် အားကစားသမားများအတွက် လိုအပ်သည့် ကယ်လိုရီပမာဏနှင့် အာဟာရများ ပြည့်ဝစေရေးတို့အတွက် Sport Nutrition အာဟာရပိုင်းဆိုင်ရာ တွက်ချက်မှုများနှင့်အညီ စခန်းဝင်အားကစားသမားများအား ချက်ပြုတ်ကျွေးမွေးဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက သေသေချာချာ စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများအလိုက် တာဝန်ရှိသူညွှန်ကြားရေးမှူးများက လာမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ယခင်လအစည်းအဝေး၏ ဆုံးဖြတ်ချက်များနှင့် လက်ရှိကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်
လုပ်ငန်းအစီအမံများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ တက်ညီလက်ညီဆက်လက်၍ အရှိန်အဟုန်ဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်