Skip to main content

ဥရောပ မကောင်းနိုင်တော့ပြီ

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

ဥရောပကအရင်က အတော်ကောင်းခဲ့တယ်။ အထူးသဖြင့် ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းဝင်ရောက်လာသူတွေအတွက် နိဗ္ဗာန်ဘုံကြီးဖြစ်ခဲ့တယ်။ ဥရောပဟာ နိုင်ငံတကာစာချုပ်စာတမ်းတွေ စတင်ပေါ်ထွန်းရာမူရင်းနယ်မြေဖြစ်ပြီး နိုင်ငံတကာစနစ်ကြီးကို အလေးထားစောင့်ရှောက်တဲ့ ဥရောပသမဂ္ဂ(အီးယူ)လို အဖွဲ့အစည်းကြီးလည်းတည်ရှိတယ်။ ရောက်လာတဲ့ခိုလှုံသူတွေကို အစားအစာတွေပေးတယ်။ နေစရာတွေပေးတယ်။ ဘာသာစကားနဲ့ အလုပ်အကိုင်၊ အခွင့်အလမ်း၊ သင်တန်းတွေစီမံပေးတယ်။ လူမှုဖူလုံရေးထောက်ပံ့ကြေးတွေပေးတယ်။

လူသားချင်း စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုတာ ဥရောပရဲ့အင်ဂျင်ကြီးနှစ်လုံးဖြစ်ပြီး ဥရောပဟာတစ်ကမ္ဘာလုံးမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် စံပြဖြစ်စေလိုတယ်။ ဥရောပရဲ့ကောင်းမွန်တဲ့ စံတန်ဖိုးထားမှုတွေကို ကမ္ဘာအနှံ့ပျံ့နှံ့စေလိုတယ်။ အခုတော့ ဥရောပဟာ နည်းနည်း စိတ်ကုန်လာတဲ့သဘောရှိတယ်။ အရင်လိုဥရောပဟာ မကောင်းနိုင်တော့ဘူး။ ရွှေ့ပြောင်းဝင်ရောက် လာတဲ့သူတွေကိုလည်း နှင်လွှတ်နေတယ်။ ခိုလှုံခွင့်တောင်းခံသူတွေကိုလည်း တင်းကျပ်တဲ့စည်းမျဉ်း တွေနဲ့စည်းနှောင်တယ်။ ဒုက္ခသည်တွေကိုတောင် အမြဲတမ်းနေထိုင်ခွင့်မပေးတော့ဘူး။ အံ့သြစရာကောင်းတာက အဲဒီလိုလူဝင်မှုအပေါ်မှာ တင်းမာတဲ့သဘောထားတွေဟာ နိုင်ငံတကာဥပဒေတွေ၊ အခြေခံလူ့အခွင့်အရေးတွေကို အလေးထားပါတယ်ဆိုတဲ့ လစ်ဘရယ်အကျဆုံးနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်တို့လိုနိုင်ငံတွေမှာ သိသိသာသာမြင်တွေ့လာနေရတာဖြစ်ပါတယ်။

လက်တွေ့နိုင်ငံရေးမှာတော့ သိမ်မွေ့တဲ့ကွဲပြားမှုတွေရှိ

ဥရောပနိုင်ငံရေးမှာ ယေဘုယျလက်ဝဲ (Left)၊ လက်ယာ (Right)၊ အလယ် (Centre)ဆိုပြီးရှိပါတယ်။ လက်ဝဲနိုင်ငံရေးပါတီတွေက လူ့အခွင့်အရေး၊ သာတူညီမျှမှုဆိုတာတွေ အာရုံရောက်ပြီး လက်ယာပါတီတွေကတော့ လူဝင်မှုတင်းကျပ်ရေး၊ အမျိုးသားလုံခြုံရေးဆိုတာတွေကို အလေးထားပါတယ်။ ယေဘုယျလက်ဝဲယိမ်းပါတီတွေကို လစ်ဘရယ်ပါတီတွေအဖြစ် ရှုမြင်ပြီး လက်ယာယိမ်းပါတီတွေကို အမျိုးသားရေးပါတီတွေအဖြစ်ရှုမြင်ပါတယ်။ အလယ်ပါတီတွေကတော့ လက်ဝဲနဲ့ လက်ယာကြား မျှတအောင်နေတဲ့ ပါတီတွေဖြစ်ပါတယ်။ အဲဒီမှာမှ အလယ်ပါတီတစ်ခုက လက်ဝဲဘက် နည်းနည်းများသွားရင် (Centre-Left)၊ လက်ယာဘက် ပိုရောက်သွားရင် (Centre-Right) ဆိုပြီး သတ်မှတ်ကြပါတယ်။ လက်ဝဲနဲ့ လက်ယာဟာ မူဝါဒတွေမတူညီကြဘဲ ထင်သာမြင်သာအရှိဆုံးက သူတို့ရဲ့ ပါတီမူဝါဒတွေမှာ လူဝင်မှုအပေါ် ဘယ်လိုသဘောထားသလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ယေဘုယျလက်ယာယိမ်းပါတီတွေဟာ လူဝင်မှု(ရွှေ့ပြောင်း၊ ခိုလှုံခွင့်၊ ဒုက္ခသည်)နဲ့ပတ်သက်ရင် သဘောထားတင်းမာကြပြီး လက်ဝဲပါတီတွေကတော့ သဘောထားပျော့ပျောင်းကြပါတယ်။ တကယ့်မြေပြင်လက်တွေ့နိုင်ငံရေးမှာတော့ သိမ်မွေ့တဲ့ကွဲပြားမှုတွေရှိပါတယ်။

ဥရောပနိုင်ငံရေးမှာ အစဉ်အဆက် လစ်ဘရယ်နိုင်ငံရေးပါတီတွေနဲ့ အလယ်အလတ်ပါတီတွေက ကြီးစိုးတာမို့ သူတို့မူဝါဒတွေနဲ့မကိုက်ညီဘဲ ဒုက္ခသည်တွေကို အကောင်းမမြင်တာ၊ လူဝင်မှုကို တင်းကျပ်ချင်တာ၊ လုံခြုံရေးနဲ့ချိတ်ဆက်ပြောဆို တာမျိုးဆိုရင် အဲဒီနိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားကို လက်ယာစွန်းလို့ သတ်မှတ်တတ်ကြပါတယ်။ ဥရောပဟာ လက်ယာစွန်းဆိုရင် အတော်သတိထားပါတယ်။ တစ်ချိန်က ဒုတိယကမ္ဘာစစ်ကြီးကို အစပြုခဲ့တဲ့ ဖက်ဆစ်အာဏာရှင်ဟစ်တလာတို့၊ မူဆိုလီနီတို့ဆိုတာ လက်ယာစွန်း အမျိုးသားရေးဝါဒီတွေဖြစ်ပါတယ်။ လက်ယာပါတီတွေကတော့ သူတို့ဟာ နိုင်ငံကိုချစ်တာသာဖြစ်တယ်၊ နိုင်ငံနဲ့လူမျိုးကို ကာကွယ်စောင့်ရှောက်ချင်တာသာဖြစ်တယ်၊ သူတို့ဟာ လက်ယာစွန်းတွေမဟုတ်ဘူးဆိုပြီး ငြင်းဆိုကြပါတယ်။

ဥရောပမှာ လက်ဝဲ၊ လက်ယာ ကွာဟချက်ကြီးမားလွန်းလို့ ပြင်သစ်သမ္မတ မက်ခရွန်လို နိုင်ငံရေးသမားအချို့က အဲဒီလိုကွာဟမှုကို ပြည်တွင်းစစ်သဘော တင်စားပြောဆိုကြပါတယ်။ အထူးသဖြင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဥရောပမှာ အပြင်ကလာတဲ့သူတွေ သိပ်များလာပြီး လူ့အဖွဲ့အစည်းမှာ အလုပ်လက်မဲ့တွေပေါလာ၊ ရာဇဝတ်မှုတွေများလာ၊ စီးပွားရေးကလည်း အီလာတော့ ဥရောပနိုင်ငံရေးမှာ လူဝင်မှုကိစ္စက အဓိကပြောဆိုဆွေးနွေးစရာဖြစ်လာခဲ့ပါတယ်။ တစ်နည်းဆိုရရင် ဥရောပရွေးကောက်ပွဲတွေမှာ လူဝင်မှုကိစ္စဟာရှေ့တန်းရောက်လာပါတယ်။ လူဝင်မှုတင်းကျပ်ရေးမူ ကိုင်စွဲတဲ့ လက်ယာစွန်းပါတီတွေ အားကောင်းလာပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ရင် အတော်တင်းမာတဲ့ သဘောထားပြသ

အခုဆို ဒိန်းမတ်နိုင်ငံ (Denmark)မှာ အုပ်ချုပ်တဲ့အစိုးရက လစ်ဘရယ်လက်ဝဲအစိုးရဖြစ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ရင် အတော်တင်းမာတဲ့ သဘောထားပြသလာပါတယ်။ အရင်က ခိုလှုံခွင့်တောင်းခံသူတွေ၊ ရွှေ့ပြောင်းဝင်ရောက်လာ သူတွေကို ကြိုဆိုတယ်ဆိုပေမယ့် အခုမကြိုဆိုတော့ ဘူးဆိုတဲ့သဘောဖြစ်ပါတယ်။ BBC သတင်းဌာနရဲ့ အဆိုအရ ဒိန်းမတ်ဟာ သူ့ရဲ့တာဝန်ရှိသူတွေကို ခိုလှုံခွင့်တောင်းခံသူတွေရဲ့ လက်ဝတ်လက်စားတွေနဲ့ အခြားအဖိုးတန်တဲ့ပစ္စည်းတွေကို သိမ်းဆည်းခွင့်ပြုပြီး အဲဒီပစ္စည်းတွေကို ခိုလှုံခွင့်တောင်းခံသူတွေ ဒိန်းမတ်မှာ နေထိုင်စဉ်ကုန်ကျစရိတ်အဖြစ် အသုံးပြုမယ်လို့ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ဒိန်းမတ်လူဝင်မှုဥပဒေတစ်ခုမှာ ခိုလှုံခွင့်တောင်းခံသူတွေကို စိစစ်ဖို့နဲ့ ဒုက္ခသည်တွေကိုနေရာချထားဖို့ ဒိန်းမတ်နဲ့ သဘောတူထားတဲ့ အာဖရိကတိုက်က ရဝမ်ဒါဆိုတဲ့နိုင်ငံလေးကို အသုံးပြုမယ်လို့ဆိုပါတယ်။ ရဝမ်ဒါဆိုတာအခု ငြိမ်းချမ်းနေပေမယ့် ၁၉၉၄ ခုနှစ်တုန်းက အဲဒီမှာ ဟူတူလူများစုနဲ့ တွက်ဆီလူနည်းစုတွေအကြား အကြမ်းဖက်လူသတ်ပွဲကြီးတွေဖြစ်ခဲ့လို့ ရက် ၁၀၀ အတွင်း လူ ၈၀၀၀၀၀ လောက် သေဆုံးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အခုထိတော့ ဒိန်းမတ်ဟာ အဲဒီဥပဒေအတိုင်း မလုပ်ဆောင်သေးဘူးလို့ ဆိုပါတယ်။ မိသားစုပေါင်းစည်းမှု (Family Reunion) ကိုလည်း တင်းကျပ်ထားပြီး ဒုက္ခသည်တွေကိုလည်း ဒိန်းမတ်မှာ ယာယီပဲနေထိုင်ခွင့်ပြုတယ်ဆိုပါတယ်။ ဥရောပသုတေသန အဖွဲ့အစည်းအချို့ကတော့ အခုလို ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းဝင်ရောက်လာ သူတွေအပေါ် ဒိန်းမတ်နိုင်ငံရဲ့ ဆက်ဆံပုံဟာ ဥရောပတန်ဖိုးထားတဲ့ နိုင်ငံတကာဥပဒေမူဘောင်တွေနဲ့ လုံးလုံးမကိုက်ညီဘူးလို့ ထောက်ပြကြတယ်။ တစ်ချိန်ကသဘောကောင်းတဲ့ ဒိန်းမတ်၊ လူ့အခွင့်အရေးလေးစားတဲ့ ဒိန်းမတ်ဆိုတာ လူဝင်မှုကိစ္စနဲ့ပတ်သက်ရင်တော့ ကျန်ခဲ့ပြီလို့ ဆိုပါတယ်။

အတော်ပွဲဆူသွားခဲ့

ပြီးခဲ့တဲ့ မေလတုန်းကလည်း လစ်ဘရယ် UK ဝန်ကြီးချုပ် Keir Starmer က မိန့်ခွန်းတစ်ခုမှာ သူ့နိုင်ငံဟာ လူစိမ်းတွေရဲ့နိုင်ငံ (an island of strangers) ဖြစ်လာနေပြီလို့ ထည့်သွင်းပြောကြားခဲ့လို့ အတော်ပွဲဆူသွားခဲ့ပါသေးတယ်။ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ဂျာမနီခေါင်းဆောင် Friedrich Merz တို့ဟာလည်း အလယ်အလတ်သမား (Centrists) တွေအဖြစ် လူသိများပါတယ်။ အခုသူတို့ကလည်း လူဝင်မှုနဲ့ပတ်သက်ရင် တင်းတင်းမာမာပါပဲ။ အမှန်က လူဝင်မှုနဲ့ပတ်သက် ရင် သဘောထားတင်းမာတယ်ဆိုတာ အမျိုးသားရေးလက်ယာပါတီတွေရဲ့ မူပိုင်ဖြစ်ပါတယ်။ အခုတော့ လစ်ဘရယ်လက်ဝဲတွေကပါ လူဝင်မှုနဲ့ပတ်သက်ရင် သဘောထားပြောင်းလာတဲ့အခြေအနေဖြစ်ပါတယ်။

အဲဒီလို လက်ဝဲပါတီတွေက လက်ယာပါတီတွေရဲ့ ပိုင်နက်သဘောဖြစ်တဲ့ လူဝင်မှုဘာသာရပ်ကို နေရာဝင်ယူလာတော့ လက်ယာပါတီတွေကလည်း လက်ဝဲပါတီတွေရဲ့ မူပိုင်သဘောဖြစ်တဲ့ လူမှုဖူလုံရေးအကြောင်းတွေ ပိုပြောလာတယ်။ ဆိုလိုတာက ဥရောပနိုင်ငံရေးဟာ အရင်လို လက်ဝဲ၊လက်ယာမကွဲပြားလှတော့ဘဲ ရောထွေးလာပါတယ်။ နိုင်ငံရေးပါတီတွေဟာ မူဝါဒအနေနဲ့ စာထဲမှာသာရှိပြီးအပြင် လက်တွေ့မှာ မဲဆန္ဒရှင် လူထုအကြိုက် လုပ်ဆောင်လာကြတယ်။ အရင်လူ့အခွင့်အရေး၊ ဒုက္ခသည်တွေအခွင့်အရေးဘက်က မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ဥရောပလစ်ဘရယ်ပါတီတွေကိုယ်တိုင် လူ့အခွင့်အရေးကို လျစ်လျူရှုပြီး သူတို့အမျိုးသားအကျိုးစီးပွားကို ဦးစားပေးလာပြီဖြစ်ပါတယ်။ တစ်နည်းအလွန်ကောင်းခဲ့တဲ့ ဥရောပအခုတော့ မကောင်းနိုင် တော့ပြီဖြစ်ပါတယ်။

ဒီနေရာမှာ ကောင်းတယ်ဆိုတာ အပြင်လူတွေအပေါ် ကောင်းခဲ့တာပေါ့။ ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်လျှောက်ထားသူတွေ၊ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို အရင်က ဥရောပကကြိုဆိုခဲ့ပါတယ်။ အများကြီးလည်း အခွင့်အရေးတွေပေးခဲ့တယ်။ အများကြီးလည်း ကောင်းခဲ့တယ်။ ဒုက္ခသည်တွေကို နိုင်ငံတကာဥပဒေဆိုတာတွေနဲ့လည်း အမြဲစည်းကြပ်ချည်နှောင် အကာအကွယ်ပေးခဲ့တယ်။ ဥရောပ(အီးယူ)ဟာ နိုင်ငံတကာဥပဒေမူဘောင်တွေကို အဓိကစောင့်ရှောက်သူဖြစ်တယ်။ ဒါကြောင့် အကူအညီလိုသူကို အကူအညီပေးရမယ်၊ ဒုက္ခရောက်သူကို စောင့်ရှောက်လက်ခံရမယ် စသဖြင့် လူ့အခွင့်အရေးရှုထောင့်နဲ့ကြည့်ခဲ့တယ်။ အဲဒီလိုကောင်းလွန်းခဲ့လို့လည်း နိုင်ငံတကာဒုက္ခသည် တွေအကြားမှာ အထူးသဖြင့် အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်းမှာ ဥရောပဟာ ရေပန်းစားခဲ့တယ်။

ဥရောပရောက်ရင် အားလုံးအဆင်ပြေပြီ၊ ဥရောပဟာ ကမ္ဘာသစ်ဖြစ်တယ်၊ ဥရောပမှာ လူ့အခွင့်အရေးအပြည့်အဝရှိတယ်၊ လူကိုလူလို အဆက်ဆံခံချင်ရင် ဥရောပသွားစသဖြင့် အနည်းနဲ့အများ နိုင်ငံတကာရွှေ့ပြောင်းသူတွေအကြား၊ ဒုက္ခသည်တွေအကြားရေပန်းစားခဲ့တယ်။ ဒုက္ခသည် အများအပြားစိတ်ထဲမှာ ဥရောပဟာ ငါတို့ကိုကာကွယ်စောင့်ရှောက်မယ့်သူလို့ မြင်နေတယ်။ သူတို့ရပိုင်ခွင့်သဘောမြင်နေတယ်။ အခုဥရောပက အဲဒီအမြင်တွေ ပြောင်းစေချင်နေပါပြီ။ ငါတို့မင်းတို့ကို အလိုမရှိဘူးလို့ ပါးစပ်ကပြောမထွက်ရုံဘဲ ကျန်ပါတော့တယ်။ ဒိန်းမတ်ဆိုရင် သူ့ဆီပြည်ဝင်ဖို့ မလွယ်ကူကြောင်း လူတွေများများသိအောင် လက်ဘနွန်သတင်းစာတွေမှာ ကြော်ငြာထည့်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဥ‌ရောပအဖွဲ့အစည်းအချို့က ဒိန်းမတ်ဟာ ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ရင် အခြားဥရောပနိုင်ငံတွေထက်ပိုပြီး တင်းမာမှုပြသတယ်လို့ ရှုမြင်ကြပါတယ်။ ပိုဆိုးတာကအခု လက်ရှိ ဒိန်းမတ်မှာအုပ်ချုပ်နေတာ လက်ဝဲဆိုရှယ်ဒီမိုကရက်တွေ ဦးဆောင်တဲ့ အလယ်အလတ် ညွန့်ပေါင်းအစိုးရအဖွဲ့ဖြစ်ပြီး အပြင်ကလာတဲ့သူတွေကို စာနာမှုပြရမယ့်အစား လက်ယာစွန်းပုံစံ ရွှေ့ပြောင်းဝင်လာသူတွေကို ခါးခါးသီးသီးဆက်ဆံနေတာပဲဖြစ်ပါတယ်။

အီးယူအဖွဲ့အစည်းမဟုတ်ဘဲ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဥရောပကောင်စီ (Council of Europe) ရဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးကော်မတီ (Anti-torture Committee) အစီရင်ခံစာ တစ်စောင်မှာ ဥရောပမှာ ခိုလှုံသူတွေ၊ ဒုက္ခသည်တွေအပေါ် ဆက်ဆံပုံဟာ ပိုပြီးဆိုးရွားလာနေတယ်။ ရုပ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှု အများအပြားဖော်ထုတ်တွေ့ရှိရတယ်။ အချို့ဒုက္ခသည်တွေဟာ ထိုးကြိတ်ရိုက်နှက်ခံရတယ်။ အချို့ဆို ကိုယ်လုံးတီးထားတာခံရတယ်။ အချို့ဆို လက်တွေချည်နှောင်ပြီး မြစ်ထဲ၊ နယ်စပ်ဘက် ပြန်နှင်လွှတ်တယ်စသဖြင့် ဖော်ပြထားပါတယ်။ ဥရောပနိုင်ငံတွေက အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုတဲ့အခါ နယ်စပ်တွေကို လွတ်လပ်တဲ့အဖွဲ့တွေက စောင့်ကြည့်ဖို့ အကြံပြု ပေမယ့် အီးယူအပါအဝင် ဥရောပနိုင်ငံတွေက နှုတ်ဆိတ်နေပါတယ်။ သူများနိုင်ငံတွေဆိုရင် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ လက်ခံဖို့ တွင်တွင်တောင်းဆိုတတ်တဲ့ ဥရောပဟာ အခုလို သူတို့ကိုယ်တိုင်ကြုံလာရတဲ့အခါ နှာစေးနေပါတော့တယ်။

ချုပ်ပြီးဆိုရရင် ဥရောပဟာ နိုင်ငံတကာ ရွှေ့ပြောင်းတွေ၊ ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေအတွက် နိဗ္ဗာန်ဘုံဆိုတာကျန်ခဲ့ပါပြီ။ လူ့အခွင့်အရေးနဲ့ လုံခြုံရေးဆို လုံခြုံရေးကို ဦးစားပေးပါပြီ။ လစ်ဘရယ်တွေ ခါးသီးစွာမုန်းတီးတဲ့ အမျိုးသားရေးလက်ယာဝါဒီတွေရဲ့ လူဝင်မှုတင်းကျပ်ရေးအစီအမံကို လစ်ဘရယ်တွေကိုယ်တိုင် လက်ခံနေရပါပြီ။ တစ်နည်း ဥ‌ရောပလည်း နှုတ်ကသာ လစ်ဘရယ်၊ လက်တွေ့မှာ အမျိုးသားရေးဘက်ယိမ်းချင်နေပါပြီ။ နှစ်ပေါင်းများစွာ လူ့အခွင့်အရေးမျက်နှာဖုံးစွပ်ထားတာလည်း ကွာကျတာမဟုတ်ဘဲနဲ့ကို တမင်ချွတ်ချလိုက်ပါပြီ။ သဘောကောင်းတဲ့ ဦးလေးကြီးလည်း သ‌ဘောမကောင်းနိုင်တော့ပါဘူး။ အရင်လို ဥရောပမကောင်းနိုင်တော့ပြီ။ ။