ဒွေးမယ်နော်တို့ပျော်စံရာ ကယားမြေ

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ကြို ဆိုဂုဏ်ပြု

သတင်းဆောင်းပါး-ခွန်းဆက်နေ၊ ဓာတ်ပုံ-ရာမည

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး စုပေါင်းနေထိုင်ကြသည်။ ယခင်ကရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေးအခက် အခဲများကြောင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံရန်ခက်ခဲသော အချိန်ကာလများရှိခဲ့သည်။ ယနေ့ကာလတွင်မူ ခရီးလမ်းပန်းအခက်အခဲများ လျော့ပါးလာခဲ့ပြီဖြစ်သည့် အားလျော်စွာ သွေးချင်းညီအစ်ကိုမောင်နှမများ၏ ဒေသန္တရ သဘာဝအလှအပများ၊ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများကို ပိုမိုထိတွေ့ခွင့်ရရှိလာပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယနေ့နည်းပညာခေတ်၏ အမျိုးမျိုးသော တိုးတက်မှုများကြားမှ ဘေးထွက်ဆိုးကျိုး များဖြစ်သော အမျိုးသားကိုယ်ပိုင်ယဉ်ကျေးမှု ပွန်းပဲ့တိုက်စားခြင်းများသည် သွေးချင်းတို့၏ လူငယ်များ တွင်လည်း သက်ရောက်လျက်ရှိနေပြီဖြစ်သည်။ မိမိတို့ မျိုးနွယ်စု၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို အရှည်တည်တံ့အောင် မြတ်နိုးသောစိတ်ဓာတ်ဖြင့် ထိန်းသိမ်းရန်အရေးကြီးသကဲ့သို့ မျိုးနွယ်စုတစ်ခုမှ လူကြီး၊ လူငယ်တို့၏ လက်ဆင့်ကမ်းအမွေ ပေးအပ်ရန်လည်း အထူးလိုအပ်လှပေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနက် ကယားပြည်နယ်အတွင်းရှိ ကယားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့ ထုံးတမ်းများ၊ ပွဲလမ်းသဘင်များအကြောင်းကို စေ့ငုတင်ပြလိုပါသည်။ ကယားတိုင်းရင်းသားတို့သည် ပြည်နယ်၏ မြို့တော် လွိုင်ကော်နှင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ဒေသများတွင် အများဆုံးနေထိုင်ကြ သည်။ ကယားမျိုးနွယ်စုကိုးမျိုးရှိပြီး ကယား၊ ဇယိမ်း၊ ကယန်း(ပဒေါင်)၊ ကဲ့ခို၊ ဂေဘား၊ ဘရဲ့(ကယော)၊ မနုမနော၊ ယင်းတလဲ၊ ယင်းဘော်တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထဲမှ ကယားတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုပုံစံတွင် အမျိုးသမီးများ၌ ခေါင်းပေါင်းနီ၊ ငွေနား ဆွဲ၊ ငွေနားကွင်းများ ဆင်ယင်ကြပြီး ဘယ်ဘက်ပခုံးသား လွှတ်ထားသော သင်တိုင်းရှည်ပေါ်တွင် ရင်စည်း၊ ခါးစည်း နှင့် ငွေကွင်းများ ဆင်ယင်လေ့ရှိကြသည်။ ငွေဒင်္ဂါး လည်ဆွဲများကိုလည်း ကြွယ်ဝမှုအလိုက် ဆင်ယင်လေ့ရှိ သည်။ ရာနှင့်ချီ အရေအတွက်ရှိသော ကျစ်သားချည်ကြိုးများကို သစ်စေးသုတ်လိမ်း၍ ကွင်းအဖြစ် ဖွဲ့စည်းထားသော ချည်ကွင်းများကို ပေါင်မှဒူးဖုံးသည်အထိ ဝတ်ဆင်၍ ငွေကွင်းများ၊ ကြွေစေ့သီကြိုးများဖြင့်ထိန်းချည်၍ ဝတ်ဆင်ကြသည်။ ရှေးအခါက ငွေဓားတစ်လက်ကို လည်း ဆောင်လေ့ရှိကြပြီး လက်ရှိကာလတွင်မူ ဆောင်လေ့မရှိတော့ကြောင်း သိရသည်။

ကယားအမျိုးသားများတွင် ခေါင်းပေါင်းနီ၊ အင်္ကျီအဖြူ၊ တိုက်ပုံအဖြူ၊ ရှမ်းဘောင်းဘီပွနှင့် ခါးစည်းကြိုးတို့ကို ဝတ်ဆင်ကြပြီး ပွဲလမ်းသဘင် ကျင်းပသည့်အခါများတွင် ငွေဓားကို ကိုင်ဆောင်လေ့ရှိကြသည်ဟု ဆိုသည်။

ကယားတိုင်းရင်းသားတို့တွင် ပွဲလမ်းသဘင်အမျိုးမျိုး ရှိသည့်အနက် တန်ခူးလတွင်ကျင်းပသော တံခွန်တိုင် ပွဲတော်မှာ ဗျာကျယ်ဖျယ်ဆလုခေါ် ဖန်ဆင်းရှင်မရှိတော့သည့်နောက်ပိုင်း ကိုယ်စားအဖြစ်ထားရစ်ခဲ့သော တောင်ဝှေးတော်တစ်ဖြစ်လည်း အထိမ်းအမှတ်တံခွန်တိုင်ကို ပူဇော်သည့်ပွဲဖြစ်သည်။

ပွဲတော်ကျင်းပရသည့်ရည်ရွယ်ချက်မှာ မိုးလေဝသ ကောင်းမွန်စေရန်၊ ရောဂါဘယကင်းဝေးစေရန်၊ ဆန်ရေ စပါးပေါများစေရန်၊ တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောစေရန် ဆုတောင်းသည့်အနေဖြင့် ကျင်းပလေ့ရှိကြသည်။ ထို့ပြင် ကြက်ရိုးထိုး၍လည်း လာမည့်နှစ်၏ ကောင်းခြင်း၊ ဆိုးခြင်းများကို ကြိုတင်ခန့်မှန်းလေ့ရှိကြသည်။

လယ်ယာများရိတ်သိမ်းပြီးစီးချိန်တွင် ဒီးကူပွဲတော်ကို ကျင်းပကြသည်။ ယင်းသို့ကျင်းပရာတွင် ဒေသအလိုက် သစ်သားဖြင့်သော်လည်းကောင်း၊ နှီးခြင်းဖြင့်သော်လည်းကောင်း အဘိုးအရုပ်ကိုပြုလုပ်ကြသည်။ တန်ဖိုးရှိပစ္စည်းများလည်း အဘိုးအရုပ်တွင် ထည့်သွင်းလေ့ရှိကြပြီး အစားအစာဖြင့်လည်း ကျွေးမွေးလေ့ရှိကြသည်။ သုံးရက်မှ ငါးရက်အထိကျင်းပသော ဒီးကူပွဲတော်ရက်အတွင်း ရိုးရာအကများ ကလေ့ရှိကြသည်။ ထို့ပြင် ပွဲတော်သို့ ကြွရောက်လာကြသော ဆွေမျိုးမိတ်သင်္ဂဟများကိုလည်း ဧည့်ခံကျွေးမွေးကြပြီး ပွဲတော်အပြီးတွင် အဘိုးကိုရွာ မြောက်ဘက်အရပ်သို့ ပို့ဆောင်ကြပြီး ယင်းသို့ ပို့ဆောင် ခြင်းဖြင့် ရွာတွင်းရှိ ပိုးမွှားရောဂါမှအစ မကောင်းခြင်းအလုံးစုံတို့ကို အဘိုးကယူဆောင်သွားသည်ဟု ဆိုကြသည်။

ဖေဖော်ဝါရီလအတွင်း ရွာဆေးကြောပွဲ၊ တောလိုက် ပွဲ(ငှက်လိုက်ပွဲ)များကျင်းပလေ့ရှိသလို ရိုးရာထိန်းသိမ်းမှု အားကောင်းသူအချို့က ၎င်းတို့ရွာတွင် ၁ဝ နှစ်တစ်ကြိမ် သစ္စာပြုပွဲ ကျင်းပလေ့ရှိကြသည်။ ရွာသူရွာသားများ၏ သစ္စာတည်ကြည်မှုကို ညွှန်းဆိုခြင်းဖြစ်ဟု သိရသည်။ ရွာသူရွာသားများ ငါးပါးသီလတည်ကြည်မှုကို သစ္စာပြု ခြင်းဖြင့် မိမိတို့ ရပ်ရွာအတွင်း ဒုစရိုက်မှုကင်းစေသည်ဟု ဆိုကြသည်။

ကယားတိုင်းရင်းသားတို့၏ ရိုးရာတူရိယာပစ္စည်း အမျိုးမျိုးတွင် ကေထိုးဘိုးခေါ် တံခွန်တိုင်ပွဲတွင် ဝါးပလွေ၊ နှစ်ခုတွဲ ဝါးပလွေ၊ ရှစ်ခုတွဲ ပလွေ၊ မောင်းကြီး၊ မောင်းလတ်နှင့် မောင်းငယ်များ၊ လင်းကွင်း၊ ဗုံ စသည်တို့ကို တီးခတ်ပြီး အမျိုးသားများသာက၍ အမျိုးသမီးများက သပြေခက်ဖြင့် ရေဖျန်းပေးကြသည်။ ဒီးကူပွဲတော်၌ ကလေ့ရှိသော ဒီးကူအကတွင် အမျိုးသားရော အမျိုးသမီးပါ တွဲကလေ့ရှိကြသည်။

ကယားလုလင်ပျိုများက ရိုးရာတေးသီချင်းများ တီးမှုတ်ရာတွင် ဝါးပိုးဝါးဆစ်ကိုအကြောများပေါ်အောင် ထွင်း၍ သံစဉ်ပေါ်အောင်ပြုလုပ်တီးခတ်သော ကလို့ခေါ် တူရိယာနှင့် ပလွေကိုအသုံးပြုကြသည်။ ယနေ့ခေတ်တွင်မူ ဂီတာနှင့် တေးသီနေကြပြီဖြစ်သည်ဟု သိရသည်။

ယင်းအပြင် နာရေးအခမ်းအနား၌ အသုံးပြုသော တူရိယာနှင့် အကများလည်းရှိသည်ဟု ကန်ခုနစ်ဆင့် ဒေါတမူးရွာ (မြန်မာအဓိပ္ပာယ် ထင်းရှူးပင်ရွာ)မှ ရိုးရာ တန်ခွန်တိုင် ပွဲတော်ကျင်းပရေးဦးစီးအဖွဲ့ဝင် ဦးပကူးဘငွေက ပြောသည်။

ကယားမျိုးနွယ်စုကိုးမျိုးတွင် ကယန်း(ပဒေါင်)မျိုးနွယ်စု လည်းပါဝင်သည်။ ကယန်းမှာမျိုးနွယ်စုဖြစ်၍ ပဒေါင်မှာ ကြေးကွင်းဟု အဓိပ္ပာယ်ရသည်။ ကယန်းတိုင်းရင်းသားများက မိမိတို့သည် ကမ်းယံဟူသော မူလွိုက်မှ ဆင်းသက်လာသည့် ကရင်အစုငယ်အုပ်စုမှဖြစ်သည်ဟု ယုံကြည်ကြသည်။ မြန်မာ ခုနစ်မျိုးတွင် ''သက်နှင့် ရခိုင်၊ နှိုင်းမြိုင် တောင်သူ၊ ပျူ၊ ကမ်းယံ၊ ယော၊ ထားဝယ်နှောက မျိုးသတ္တ'' ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပေရာ ပထဝီဝင်အနေအထား၊ ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် တစ်ဦးနှင့်တစ်ဦး အဆက်ပြတ်ကာ ရောက်ရာအရပ်တွင် ကိုယ့်အစုနှင့်ကိုယ် နေထိုင်ခြင်းတို့ ကြောင့် အပြောအဆို၊ အနေအထိုင်၊ ဝတ်စားဆင်ယင်မှု၊ အမူအရာ၊ ဓလေ့ထုံးစံများ အနည်းငယ်ကွဲပြားကြသော်လည်း ''အရင်းစစ် အမြစ်မြေက'' ဆိုသလို ပင်စည်တစ်ပင်တည်းမှ ဖြာထွက်လာသော အကိုင်းအခက်များဖြစ်သည်။ လူသိနည်းသည့် တိုင်းရင်းသားကယန်းလူမျိုးသည်လည်း ထိုပင်စည်မှ ဖြာထွက်လာသော အကိုင်းအခက်တစ်ခုပင်ဖြစ်သည်။

တိုင်းရင်းသား ကယန်းလူမျိုးတို့သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် သံတောင်ကြီး မြို့မြောက်ပိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အရှေ့ဘက်တောင်ပေါ်ဒေသတွင် ပျံ့နှံ့စွာနေထိုင်ကြသည်။ ဝတ်စားဆင်ယင်မှု၌ ကယန်း(ပဒေါင်)အမျိုးသမီးများ၏ဝတ်စားဆင်ယင်မှုသည် တစ်မူထူးခြားနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် ဦးခေါင်းထိပ်ပိုင်း၌ ဆံထိုးထိုးထားကြသည်။ နဖူးအထက်တွင် အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်ပါသည့် သိုးမွေးနှင့် ပိတ်စဖြင့်စည်း၍ ဆင်မြန်းကြသည်။ နားနှစ်ဖက်တွင် ငွေနားတောင်း၊ ငွေနားဆွဲ များဆွဲ၍ ဆင်မြန်းကြသည်။ လည်ဆွဲအဆင်တန်ဆာများဖြင့် ကွင်းဆက်ငွေကြိုးနှစ်ကုံး၊ ငွေပြားကြီး ခုနစ်ချပ်၊ ငွေပြား ငယ် ၁ဝ ချပ်ကို သီးခြားဝတ်ဆင်ကြသည်။

ထို့ပြင် လည်ပင်းအနောက်ဘက်တွင်လည်း ငွေပြားငယ်များ ဆင်မြန်းကြသည်။ လည်ပင်းတွင် ကြေးကွင်းများ ပတ်ထားပြီး မေးရိုးအောက် လည်ပင်းနှင့် ကြေးကွင်းအကြားတွင် ကြေးကွင်းပွတ်တိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိစေရန်အတွက် အနက်ရောင်ပိတ်စဖြင့် ခုထားသည်။ ပိတ်စကို ရောင်စုံသိုးမွေး ချည်၊ ပုလဲ၊ ပုလဲပုတီးများဖြင့် အနားကွပ်၍ အနားနှစ်ဖက်ကို ပုလဲများ၊ ရောင်စုံသိုးမွေးများ အမြိတ်ဆွဲထားသည်။ မိုင်း (ခေါ်)တစ်ပေခွဲခန့်ရှည်လျားသည့် ခေါင်းပွ ငွေပုတီးကို လည်တိုင်အောက်ငွေကြိုးနှင့် ချိတ်ဆက်၍ ပုတီးကုံးအခြား တစ်ဖက်မှ ငွေပြားကြီးသည် နားအောက်ရှိ် ကြေးကွင်းကြား တွင်ညှပ်ထားရသည်။ ငွေပုတီးလုံးများ(ငွေပုတီးကုံးများ)ကို လည်တိုင်ညာဘက်နှင့် ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲဆင်မြန်း ကြသည်။

ယင်းအပြင် ခန္ဓာကိုယ်အောက်ပိုင်းတွင် ချည်ထည် အနက်ရောင်ဖြင့် ရက်လုပ်သည့် ဂျပ်ခုတ်ထဘီကို ဒူးခေါင်း အဆစ်ဖုံးသည်အထိ ဝတ်ဆင်ကြသည်။ လက်တွင် အခေါင်းပွ ငွေလက်ကောက်လေးကွင်းနှင့် တစ်မတ်လုံးရှိ အခေါင်းပိတ်ငွေလက်ကောက်သုံးကွင်းစီကို လက်နှစ် ဖက်တွင်ပတ်၍ ဝတ်ဆင်ကြသည်။ ဒူးခေါင်းအောက် ခြေသလုံးအရင်းတွင် ကြေးကွင်းများ ပတ်ပြီးတစ်ဖက်လျှင် ခြူသီးနှစ်လုံးစီချိတ်ဆွဲထားသည်။ ခြေသလုံးကို ပိတ်စ အနက်ရောင်ဖြင့် ဖုံးအုပ်ပိတ်ထားသည်။ အချို့သော အမျိုးသမီးများက ခြေချင်းဝတ်နေရာတွင် (ဘုတ်သ)ခေါ် အသီးဖြူတစ်မျိုးကို ပုလဲသီကုံးသကဲ့သို့ သီကုံးပြီး ခြေတစ်ဖက်လျှင် သုံးကွင်းစီပတ်၍ ဝတ်ဆင်ကြသည်။

ကယန်းအမျိုးသားဝတ်စုံတွင် အင်္ကျီဖြူ၊ ဘောင်းဘီနက်နှင့် ခေါင်းပေါင်းပေါင်းကြသည်။ ရှေးယခင်က အနက်ရောင်ဆိုးသည့် ဓလေ့ရှိခဲ့သော်လည်း ယခုအခါ ကွယ်ပျောက်သွားပြီဖြစ်ကြောင်း ရှေ့မီနောက်မီ ကယန်း လူကြီးများ၏ ပြောကြားချက်အရ သိရသည်။

ကျွဲ၊ နွား၊ ကြက်၊ ဝက်မွေးမြူခြင်း၊ အမဲလိုက်ခြင်း၊ အဝတ်အထည်ရက်လုပ်ခြင်း၊ ပန်းပဲ၊ ပန်းထိမ်၊ မြေအိုး လုပ်ငန်းများ အစရှိသည်တို့ဖြင့် အသက်မွေးကြသော ကယန်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များတွင် တံခွန် တိုင်ပွဲတော်သည် အစည်ကားဆုံးပွဲတော်ကြီးဖြစ်သကဲ့သို့ ယဉ်ကျေးမှုရိုးရာအကများတွင်လည်း ကမ်းခွန်(ခေါ်) တံခွန်အက၊ ဖားစည်အက၊ ဗုံရှည်အက၊ ဝါးညှပ်အက၊ ယွိုင်းအကတို့အပြင် အထိမ်းအမှတ်ပွဲအလိုက် ရိုးရာအက များလည်း ရှိနေပေသည်။

ကယန်းရိုးရာတူရိယာပစ္စည်းများတွင် ဖားစည်၊ ပန်(ခေါ်)မောင်းကြီး၊ ထုံ့(ခေါ်)ဗုံတို၊ ဗုံရှည်၊ မန့်(ခေါ်) တွဲပလွေ၊ ကွိုင်(ခေါ်) ကျွဲချိုခရာ၊ အိုးစည်ဗုံမောင်းနှင့် ဗုံပလွေတို့ရှိကြသည်။

ရှေးခေတ်ကယန်း(ပဒေါင်)အမျိုးသားများသည် လည်ပင်းကုပ်သားနေရာ၌ လူမျိုးအမှတ်အသား ဆေးမင် ကြောင်ထိုးရကြောင်း သက်ကြီးစကားကြားသိခဲ့ရပြီး သက်သေပြစရာမရှိတော့ဘဲ နေထွက်စရောင်ခြည် ထိုးနှံခဲ့သည်ဟု ခန့်မှန်းခြင်းသာရှိတော့သည်။ ကယန်း လထာ(ဇယိမ်)တို့သည် မေးရိုးအောက်လည်ပင်းနေရာကို အမှတ်အသားဖြင့် ဆေးမင်ကြောင်ထိုးကြသည်။ ဦးချို နှစ်ဖက်အောက်ဘက်သို့ကွေ့ဆင်းသည့် ပုံစံဖြစ်သည်။ အသက်အရွယ်ကြီးလင့်သည့် တစ်ဦးနှစ်ဦးသာ ရှားပါးစွာ ကျန်ရှိတော့သည်။ သို့သော်ငြားလည်း ဝတ်ဆင်ရန် ခက်ခဲခြင်း၊ တန်ဖိုးကြီးမြင့်ခြင်း၊ သွားလာလှုပ်ရှားရာတွင် အကန့်အသတ်ဖြစ်စေသော ကယန်းတိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့ဆင်ယင်ထုံးဖွဲ့မှု၊ ယဉ်ကျေးမှု ်ားသည် ထိန်းသိမ်းဝတ်ဆင်သူ အလွန်နည်းပါးလာ ပြီဖြစ်၍ တိုင်းရင်းသားမျိုးနွယ်စုတစ်ခု၏ ပြယုဂ်ဖြစ်သော ယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်စေရေး ဝိုင်းဝန်းထိန်းသိမ်းပေးကြရန် တာဝန်ရှိပါသည်။

ယခင်ကတောင်စဉ်တောင်တန်းများ အထပ်ထပ် စည်းခြားလျက်ရှိသော်လည်း ယနေ့ကာလတွင် ခရီးလမ်း ကွန်ရက်များ တိုးတက်လာပြီဖြစ်ရာ ကယားသွေးချင်းတို့မြေသို့ တစ်ခါတစ်ခေါက်သွားရောက်လေ့လာ လည်ပတ်နိုင်ပြီဖြစ်ပါကြောင်း.....။ ။